လူတစ်ယောက် တစ်ကိုယ်ရည် သန့်ရှင်းမှုဟာ အဲ့ဒီလူရဲ့ ကိုယ်ရည်ကိုယ်သွေး ၊ နေထိုင်မှုပုံစံအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ အခြေခံကျတဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှု အချက်လေးတွေကိုတောင် မလိုက်နာရင် လူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ Impressions ကျစေမှာ အမှန်ပါ။ တစ်ကိုယ်ရည် သန့်ရှင်းမှုလို့ ပြောတဲ့အခါ ခံတွင်းရနံ့ကလည်း အထူးဂရုစိုက်ရမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်။ နေ့စဉ်ဘဝ ၊ လုပ်ငန်းခွင်နဲ့ လူပေါင်းများစွာ ထိတွေ့ဆက်ဆံနေရသူတွေအဖို့ မိမိရဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခံတွင်းအနံ့ဆိုး ထွက်တဲ့ ပြဿနာကို ကူညီဖြေရှင်းပေးနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ရေများများသောက်ပေးပါ

water

Photo : Healthline

အရိုးရှင်းဆုံးနဲ့ အလွယ်ဆုံး နည်းလမ်းတစ်ခုပါ။ စာရေးသူတို့ရဲ့ ခံတွင်းဟာ ရေဓာတ်ခမ်းခြောက်ပြီး ခြောက်သွေ့နေမယ်ဆိုရင် ဘက်တီးရီးယားနဲ့ အနံ့ဆိုးတွေ ပိုမိုပေါက်ဖွားထွက်ပေါ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ရေများများသောက်ခြင်းဖြင့် ခံတွင်းခြောက်တဲ့ ပြဿနာကို ကာကွယ်ဖြေရှင်းဖို့ လိုပါတယ်။ ရေများများသောက်ပေးတာဟာ ခံတွင်းကို သန့်ရှင်းစေပြီး အနံ့အသက်ဆိုးထွက်စေတဲ့ ဘက်တီးရီးယား ပေါက်ပွားခြင်းကို ကာကွယ်ပေးပါတယ်။

(၂) ပန်းသီးရှာလကာရည်နဲ့ ပလုတ်ကျင်းပါ

apple cider vinegar

Photo : Aventus Clinic

ကြက်သွန်ဖြူ ၊ ကြက်သွန်နီနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေလို အနံ့ပြင်းတဲ့ အစားအစာတွေ စားပြီးနောက်မှာ ခံတွင်းအနံ့ဆိုး တွေ ထွက်ပေါ်မနေဖို့ လုပ်ဆောင်နိုင်မယ့် အိမ်တွင်းနည်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ရေတစ်ဖန်ခွက်ထဲထည့်ကို ပန်းသီးရှာလကာရည်အနည်းငယ်ခန့် ရောထည့်မွှေပြီး ပလုတ်ကျင်းပေးဖို့ပါ။ စက္ကန့် ၃၀ ပလုတ်ကျင်းပြီးနောက် ထွေးထုတ်လိုက်ပါ။ ၃ – ၄ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

(၃) လျှာကို သန့်ရှင်းရေး လုပ်ပေးပါ

brushing tongue

Photo : Samaritan Dental Arts

ခံတွင်း ကျန်းမာရေးကောင်းဖို့နဲ့ ခံတွင်းအနံ့ဆိုး တွေထွက်ပေါ်တာကို သက်သာစေဖို့ နေ့စဉ် မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်ခန့် သွားတိုက်ပေးရပါတယ်။ သွားတိုက်တဲ့အခါမှာ သွားတွေတင်မကပဲ လျှာကိုပါ တံပွတ်တံနဲ့ ပွတ်တိုက်ဆေးကြော သန့်စင်ပေးဖို့ လိုပါတယ်။ လျှာမှာ ကပ်ညှိတွယ်နေတဲ့ စားကြွင်းစားကျန် အရိအချွဲတွေ ၊ အညစ်အကြေးတွေကို သန့်ရှင်းရေး ထိထိရောက်ရောက် လုပ်ပေးမယ်ဆိုရင် ခံတွင်းအနံ့ဆိုးထွက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။

(၄) လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ

fruits and veggies
Photo : Better Homes & Gardens

လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ခံတွင်းကို သန့်ရှင်းစေပြီး ခံတွင်းအနံ့ကို ကောင်းမွန်စေပါတယ်။ ပန်းသီး ၊ လိမ္မော်သီး (ဗီတာမင် C) ၊ တရုတ်နံနံနဲ့ မုန်လာဥနီတို့လို့ လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သဘာဝအတိုင်း ဖယ်ရှားပေးပြီး ခံတွင်းကို သန့်ရှင်းစေကာ တံတွေးဂလင်းတွေရဲ့ တံတွေးထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့အတွက် ခံတွင်းအနံ့ဆိုးတွေကို တိုက်ဖျက်ပေးရာမှာ ကူညီပေးနိုင်ပါတယ်။

Source : Croasdaile Dental Arts

Featured Photo : Fermelia Dental