မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချက်နဲ့ပွဲစဉ်မှာ ပေါ်တူဂီလက်ရွေးစင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒို တစ်ယောက် ပြိုင်ဘက်အသင်း ဂိုးသမား ဗာစလစ် နဲ့ ထိခိုက်မိပြီး မျက်နှာမှာ သွေးအလိမ်းလိမ်း ဖုံးလွှမ်းခဲ့ရတဲ့အထိ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပါတယ်။

Photo : The Sun

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ဟာ ပေါ်တူဂီအသင်းအတွက် ကစားပေးခဲ့တဲ့ အဆိုပါနေးရှင်းလိဂ်ပွဲစဉ်မှာ ပွဲကစားချိန် ၁၂ မိနစ်မှာပဲ ခေါင်းတိုက်ဖို့ ကြိုးစားစဉ် အခုလို မျက်နှာသွေးစွန်း ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အမြင့်ခုန်ခေါင်းတိုက်ဖို့ ကြိုးစားစဉ် ပြိုင်ဘက်အသင်းဂိုးသမားရဲ့ လက်နဲ့ ပေါ်တူဂီသားရဲ့ မျက်နှာကို ရိုက်ချမိခဲ့ပြီး မြက်ခင်းပြင်ပေါ် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုတစ်ယောက် မြက်ခင်းပြင်ပေါ်လဲကျသွားချိန်မှာတော့ နှာခေါင်းကနေ သွေးတွေအလိမ်းလိမ်း စီးကျနေတာကို မြင်တွေ့ခဲ့ရပါတယ်။ တိုက်စစ်မှူးဟာ ဆေးကုသမှုခံယူဖို့ လိုအပ်ပေမယ့် နှာခေါင်းကို ပလာစတာကပ်ပြီး ကွင်းထဲပြန်ဝင်ကာ ပွဲကိုဆက်ကစားခဲ့ပါတယ်။

ရော်နယ်ဒို ကွင်းထဲပြန်ဝင်လာပြီး မကြာခင် ဂိုးဧရိယာထဲမှာ လက်ထိသွားခဲ့တာကြောင့် ချက်အသင်း ပင်နယ်တီကန်ခွင့်ရခဲ့ပြီး အဆိုပါ ပင်နယ်တီပြစ်ဒဏ်ဘောကို ချက်ကစားသမား ပက်ထရစ် ရှစ်ခ်က ကန်သွင်းခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။


Photo : The Sun

အဆိုပါအုပ်စုပွဲစဉ်မှာ ပေါ်တူဂီအသင်းက ၄ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ယူနိုက်တက်နောက်ခံလူ ဒါလော့က အဖွင့်ဂိုးအပါအဝင် အံ့အားသင့်ဖွယ် သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပြီး ဖာနန်ဒက်စ် က ၁ ဂိုးနဲ့ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဂျိုတာက စတုတ္ထမြောက် အနိုင်ဂိုးတွေကို အသီးသီး သွင်းယူပေးခဲ့ ကြပါတယ်။

ပေါ်တူဂီအသင်းကတော့ ချက်ကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အဆိုပါနိုင်ပွဲကြောင့် နေးရှင်းလိဂ် A (ခ) အုပ်စုရဲ့ ထိပ်ဆုံးနေရာက ဦးဆောင်နေပြီး လာမယ့် အင်္ဂါနေ့မှာ စပိန်အသင်းနဲ့ ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Featured Photo : The Sun