ချစ်သူတွေကြားမှာ နားလည်မှုဟာ တော်တော်လေးစကား ပြောပါတယ်။ နားလည်မှုဆိုတာ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းကို ခိုင်မာမြဲမြံစေဖို့ အခြေခံကျတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုမရှိရင် ဘယ်လောက်ဘဲ ချစ်ပါတယ် ကြိုက်ပါတယ်ပြောပြော အခန့်မသင့်တဲ့ ပြဿနာလေးတွေကြောင့် လမ်းခွဲပြတ်ဆဲသွားနိုင်ပါတယ်။ ချစ်သူနှစ်ဦး အတွက် နားလည်မှုဆိုတာ သူနဲ့ကိုယ်နဲ့ကြားက မတူညီနိုင်တာတွေ ကွဲပြားတဲ့ စိတ်နေသဘောထားတွေကို နှစ်ဦးသား အပေးအယူမျှမျှ ညှိနှိုင်းဆွေးနွေးရင်း တည်ဆောက်ယူရတာဖြစ်လို့ နားလည်မှု တည်ဆောက်တဲ့အခါ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) တစ်ယောက်အကြောင်းတစ်ယောက် သိအောင်လုပ်ပါ


Photo : Wisledge

လူတစ်ယောက်ကို နားလည်မှုပေးနိုင်ဖို့ အရင်ဆုံးက သူကဘယ်လိုလူလည်းဆိုတာ သိထားဖို့ လိုပါတယ်။ ကိုယ့်ချစ်သူရဲ့ Type ကဘယ်လိုရှိတယ် သူရဲ့အကြိုက်နဲ့ မကြိုက်တဲ့ အချက်တွေက ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ပါ။ တစ်ယောက်အကြောင်း တစ်ယောက် ၊ တစ်ယောက်ရဲ့ ဖြစ်တည်မှုကို တစ်ယောက် ကောင်းကောင်း သိလာပြီဆိုရင် နားလည်မှု တည်ဆောက်တဲ့အခါ လွယ်ကူသွားပါလိမ့်မယ်။

(၂) ပွင့်လင်းစွာ ပြောဆိုဆက်ဆံပါ


Photo : The Good Men Project

ချစ်သူနှစ်ဦးကြား တစ်ယောက်နဲ့တစ်ယောက် ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံမှုရှိခြင်းဟာ ယုံကြည်မှုနဲ့ နားလည်မှုရှိတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ အဓိကကျတဲ့ အချက်တစ်ခု ဖြစ်ပါတယ်‌။ ဒါကြောင့် ချစ်သူနှစ်ဦးရဲ့ ခံစားချက်တွေ ၊ ရင်တွင်းစကားလုံးတွေကို တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းစွာ ဖွင့်ဟဖော်ထုတ်ပါ။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပွင့်လင်းမှုရှိမှလည်း နားလည်မှု တည်ဆောက်ယူနိုင်မှာဖြစ်ပါတယ်။

(၃) အချိန်ယူပါ


Photo : NBC News

ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်ကို နားလည်ပေးဖို့ဆိုတာ ပြောသလောက်တော့ မလွယ်လှပါဘူး။ ချစ်သူတွေကြားမှာ နားလည်မှု ရယူဖို့ အချိန်ကာလတစ်ခုတော့ လိုပါတယ်။ အချိန်ယူပြီး တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆွေးနွေးတာ ၊ လက်ခံပေးတာ ၊ သည်းခံပေးတာ စသည်ဖြင့် နှစ်ဦးသား တွဲလက်ညီညီ တည်ဆောက်သွားမယ်ဆိုရင်တော့ နားလည်မှုရှိတဲ့ အချစ်ရေးတစ်ခု ရရှိလာနိုင်ပါတယ်။

(၄) တဖက်လူရဲ့ အမြင်ကို လေးစားပါ


Photo : Well+Good

သမီးရည်းစား ဆက်ဆံရေးမှ မဟုတ်ပါဘူး။ သူငယ်ချင်း ဆက်ဆံရေး ၊ မိသားစု ဆက်ဆံရေးတွေမှာလည်း တစ်ခါတစ်လေ အမြင်မတူ ကွဲပြားမှုလေးတွေ ရှိတက်ကြတာဘဲ မဟုတ်လား။ ကိုယ့်ရဲ့ အတွေးအမြင်နဲ့ မတူလို့ သဘောထားကွဲလွဲပြီး ငြင်းခုန်နေမယ်ဆိုရင် ပြဿနာတွေပိုတိုးရုံကလွဲပြီး နားလည်မှု ရှိမလာနိုင်ပါဘူး။ ကိစ္စတိုင်းမှာ ကိုယ့်အမြင် ကိုယ်အတွေးကဘဲ မှန်ကန်တယ်လို့ သတ်မှတ်မထားဘဲ တဖက်လူရဲ့ အတွေးအမြင်ကိုလည်း လေးစားမှုရှိရှိ နားထောင်ပေးသင့်ပါတယ်။ ဒါကလည်း နားလည်မှုတည်ဆောက်ရာမှာ အရေးပါတဲ့အချက်တစ်ခု ဖြစ်ပါတယ်။

Featured Photo : Well+Good