အချစ်ဆိုတာ စကားလုံးတွေနဲ့ တည်ဆောက်ရတာ မဟုတ်ပါဘူး။ တစ်ယောက်ကို တစ်ယောက် သေလောက်အောင် ချစ်ပါတယ် ပြောသူတွေလည်း တစ်ချိန်မှာ လမ်းခွဲပြတ်စဲပြီး ကိုယ့်လမ်းကိုယ်လျောက်သွားကြတာပါပဲ။ ဒီလိုပြောလို့ တစ်သက်လုံး အတူတူ ပျော်ရွှင်စွာပေါင်းဖက်နေ ထိုင်သွားကြတဲ့ ချစ်သူတွေရော မရှိဘူးလား မေးစရာရှိပါတယ်။ ရှိတော့ ရှိတယ် ရှားတယ်လို့ ပြောရမှာပါ။ တစ်ယောက်ကို တစ်ယောက် တကယ်ချစ်ပြီး ထာဝရ တွဲလက်ခိုင်မြဲတဲ့ ချစ်သူရည်းစား ဆက်ဆံရေး ဆိုတာ အခုပြောပြမယ့် အချက်တွေအပေါ် အခြေခံတာဘဲ ဖြစ်ပါတယ်။

(၁) ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေး

Photo : BetterHelp

ချစ်သူနှစ် ရေရှည် လက်တွဲနိုင်ဖို့အတွက် ယုံကြည်မှုက အရေးပါဆုံး ဖြစ်ပါတယ်။ ယုံကြည်မှု မရှိတဲ့ ချစ်သူနှစ်ဦးဟာ အချိန်မရွေး ပြတ်တောက်သွားနိုင်တဲ့ ကြိုးတန်းပေါ်က အချစ်ရေး ဆက်ဆံရေးတစ်ခုလို့ပဲ အဓိပ္ပါယ်ဖွင့်ဆိုရမှာ ဖြစ်ပါတယ်။

(၂) စွန့်စားမှုကို အခြေခံတဲ့ ဆက်ဆံရေး


Photo : Care for the Family

အချစ်ဆိုတာ အခက်အခဲတွေကြားကနေ ရှင်သန်တတ်ပါတယ်။ ပြဿနာကြီးတွေကို အတူရင်ဆိုင်ဖြေရှင်းခဲ့ဖူးသူတွေဟာ ဘဝမှာ အခိုင်မြဲဆုံး လက်တွဲဖော်တွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်သိပ်မချစ်မိသလို ချစ်မိသလို ဖြစ်နေတဲ့ ကောင်မလေးက ကိုယ်နဲ့အတူ ဘဝပြဿ နာတွေကို ရဲဘော်ရဲဘက်လို အနားက ရင်ဆိုင်ပေးခဲ့ချိန်မှာ အချစ်စစ်ကို မြင်တတ်တဲ့ အဖြစ်တွေလည်း ရှိပါတယ်။

(၃) အပြန်အလှန်ခွင့်လွှတ်မှုနဲ့ ဆောက်တည်ထားတဲ့ ဆက်ဆံရေး


Photo : Lifehack

နားလည်မှုမရှိခြင်းဟာ အချိန်မရွေး ပြိုလဲ ပျက်စီးဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့ပြဿနာတွေကိုပါ ချစ်လိုက်ရတာပါ။ သူရောကိုယ်ရော အမှားတွေ ရှိခဲ့မယ် ၊ ပြဿနာတွေ ရှိခဲ့မယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်တဲ့ စုံတွဲတွေက မြဲမြံတဲ့ အချစ်ကို ပိုင်ဆိုင်တတ်ပါတယ်။

(၄) အနာဂါတ်ပေါ် မျှော်လင့်ချက်တူညီတဲ့ ဆက်ဆံရေး


Photo : The Independent

အတူတူ မျှော်လင့်ထားတဲ့ အနာဂါတ်တစ်ခု ရှိမယ် တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်နွယ်မှုလည်း ရှိမယ်ဆိုရင် ဒီစုံတွဲလည်း မြဲတတ်ပါတယ်။ တန်ဖိုးထားတာချင်းလည်း တူသလို ရည်မှန်းချက်ပန်းတိုင်လည်း တူတဲ့ အချစ်ဟာ စိတ်ချမ်းသာစရာပါ။ ဘဝကလည်း မျှော်လင့်ချက် ရှိတဲ့ ဘဝဖြစ်လေတော့ နေ့တိုင်းက ပျင်းစရာ ရှိမှာ မဟုတ်ပါဘူး။

(၅) အားနည်းချက်ကိုယ်စီ ရှိတဲ့ ဆက်ဆံရေး


Photo : Talkspace

ထူးဆန်းတာက အသည်းကွဲဖူးတဲ့ သူအချင်းချင်း ချစ်သူ ဖြစ်ရင် မြဲတတ်တာပါ။ အမြဲတမ်းမှန်တာမျိုး မဟုတ်ပေမယ့် လူတိုင်းဟာ သူတို့ရဲ့ မလှပတဲ့ အတိတ်ကိုယ်စီကို လက်ခံသူကို နှစ်သက်ကြပါတယ်။ သူတို့အချင်းချင်းလည်း အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့ရတဲ့ ဆက်ဆံရေး ဖြစ်လေတော့ ဘာကိုမှ ကြောက်စရာမလိုဘဲ လွတ်လပ်စေတာကြောင့် ဒီအချစ်ရေးမျိုးကလည်း မြဲတတ်ပါတယ်။

Featured Photo : Healthline