အက်ရှင်ကား ၊ ဟာသကား ၊ ရိုမန့်တစ်ကား ၊ သည်းထိတ်ရင်ဖိုကား စသည်ဖြင့် အမျိုးမျိုးရှိတဲ့အနက် ကွီးတို့က ကိုယ့် ချစ်သူ ကောင်မလေးနဲ့ဆိုရင် ဘယ်လိုဇာတ်ကားမျိုး အတူတူ ကြည့် ချင်ပါသလဲ။

အခုဖော်ပြပေးမယ့် ဇာတ်ကားလေးကတော့ ကွီးတို့ ချစ်သူ ကောင်မလေးနဲ့ အတူတူ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းများပဲ ဖြစ်ပါတယ်။

(၁) Crazy Rich Asians

Source: Warner Bros. Pictures

Rachel Chu သည် သူ့ရဲ့ ရည်းစားဖြစ်သူ Nick နဲ့အတူ Nick ရဲ့ သူငယ်ချင်း မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ဖို့ရန်အတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုအချိန်ကျမှ သူ့ရည်းစားက တကယ့်ကို ဒိတ်ဒိတ်ကြဲ သူဌေးသားတစ်ယောက် ဖြစ်တယ်ဆိုတာကို Rachel တစ်ယောက် သိရှိသွားပါတယ်။ Nick အမေကလည်း သူ့ရဲ့ သားကို Rachel နဲ့ သဘောမတူတဲ့ အရိပ်အယောင်တွေ ပြပါတော့တယ်။ Nick နဲ့ Rachel ကြားထဲက သံယောဇဥ်က ဘယ်လောက်ထိ တည်တံ့ခိုင်မြဲ နေမလဲဆိုတာကို ကွီးတို့ရဲ့ ချစ်သူ လေးနဲ့ အတူတူ ကြည့် ရှု ခံစားကြည့်လိုက်ပါဦး။

(၂) Orion and The Dark

Source: Netflix

ကွီးတို့ ချစ်သူ ကောင်မလေးက ကလေးစိတ် မကုန်သေးဘူးဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့် ရှုနိုင်ပါတယ်။ ဒီထဲက ကောင်လေးက အမှောင်ကို အရမ်း ကြောက်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။ တကယ်လို့ လောကကြီးမှာ အမှောင်ဆိုတာသာ မရှိတော့ဘူးဆိုရင် လူသားတွေ ဘယ်လို ဒုက္ခရောက်သွားမလဲဆိုတာကို တစေ့တစောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

(၃) Immaculate

Source:  NEON

သည်းထိတ်ရင်ဖို ဇာတ်ကားလေး ကြည့်တဲ့အချိန်မှာ ကွီးတို့ ချစ်သူကောင်မလေးကို တင်းတင်းကြပ်ကြပ် ဖက်မထားချင်ဘူးလား။ ဒါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုသင့်ပါတယ်။

ဇာတ်ကား အကျဥ်းလေးကတော့…

Cecilia ဆိုတဲ့ သီလရှင်တစ်ပါးဟာ အီတလီနိုင်ငံရှိ ဘုရားကျောင်းသို့ သွားရောက်ဝတ်ပြုဖို့အတွက် ဖိတ်ခေါ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ ထိုနေရာမှာ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ချက်တွေ ၊ ကြောက်စရာကောင်းတဲ့ အရာတွေ ရှိနေတယ်ဆိုတာကိုတော့ သူ(မ)တစ်ယောက် မသိသေးပါဘူး။ ဒီလိုနဲ့ပဲ မသင်္ကာစရာ ကောင်းတာတွေကို တစ်ခုပြီး တစ်ခု ကြုံတွေ့ရခဲ့တဲ့နောက်မှာတော့ သူ(မ) ဘယ်လို တုန့်ပြန်မလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကွီးတို့ ချစ်သူ ကောင်မလေးနဲ့အတူတူ ကြည့်ရှုလိုက်ပါဦး။​

(၄) Past Lives

Source: A24

ဒီဇာတ်ကားလေးကတော့ ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အပြင် IMDb 8 ရထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် လက်မလွတ်ဘဲ ကြည့်ရှုသင့်ပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့…

Nora နဲ့ Hae Sung တို့က ငယ်စဥ်တောင်ကျေး ကလေးဘဝကတည်းက တစ်ဦးအပေါ် တစ်ဦး သံယောဇဥ်ရှိကြတဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ Nora တို့ မိသားစုက တောင်ကိုရီးယားကနေ အခြားနိုင်ငံသို့ အခြေချ နေထိုင်ဖို့အတွက် ပြောင်းရွေ့သွားတဲ့ အခါမှာတော့ ကံကြမ္မာရဲ့ စေစားရာကြောင့် ခွဲခွာသွားကြ ရပါတယ်။ ၁၀ နှစ်လောက် ကြာတဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက်သား ပြန်ဆုံတွေ့ကြပြီး အရင်က ရှိခဲ့တဲ့ သံယောဇဥ်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတော့တယ်။ နောက်ဆုံးမှာတော့ နှစ်ယောက်သား ဘာဆက်ဖြစ်ကြမလဲ။

ဇာတ်ကားအမြည်းလေး ကြည့်ရှုခံစားရင်း အဆုံးသတ်ကို သိချင်ရင်တော့ အစကနေ ပြန်ကြည့်ကြည့်လိုက်ပေါ့။

(၅) Upgraded

Source: Prime Video

ကောင်မလေးနဲ့ ကောင်လေး နှစ်ယောက်ကြားထဲက ရိုမန့်တစ်ဆန်ဆန် ရိုက်ကူးထားတာမျိုးကို ကွီးတို့ ချစ်သူလေးနဲ့ အတူတူ ကြည့်ချင်တယ်ဆိုရင်တော့ Upgraded ဇာတ်ကားလေးကို ကြည့်ရှုသင့်ပါတယ်။​

ဇာတ်လမ်း အကျဥ်းလေးကတော့ …

ကုမ္ပဏီတစ်ခုမှာ အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကောင်မလေးတစ်ယောက်သည် လန်ဒန်သို့ ကုမ္ပဏီ ခရီးထွက်ရန် တာဝန်ကျလာပါတယ်။ ထိုခရီးမှာ ခန့်ချောချော လူစိမ်း ကောင်လေးတစ်ယောက်နဲ့ တွေ့ပါတော့တယ်။ သူတို့ နှစ်ယောက်ကြားထဲမှာ ဘယ်လိုမျိုး မမျှော်လင့်ထားတာတွေ ကြုံတွေ့ရမလဲ။

ကွီးတို့ရော ကိုယ့် ချစ်သူ ကောင်မလေးနဲ့ဆိုရင် ဘယ်လိုမျိုး ဇာတ်ကားတွေကို ကြည့် ရတာ ကြိုက်နှစ်သက်ပါသလဲ။

Source: IMDb

Featured Image: Freepik