မိုက်ကယ် အိုဝင်ဟာ လာမယ့် စနေနေ့ည ပဲရစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင်ကစားသွားကြမယ့် လီဗာပူးလ် နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ၃-၁ နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

Liverpool Boss Jurgen Klopp

Photo: Skysports

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးအသင်းက ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးအချိန်မှ ရယူသွားနိုင်မှုကြောင့် စိတ်ပျက်ခဲ့ရာကနေ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ဒီအပတ် ပဲရစ်မှာ ယခုရာသီရဲ့ ၃ လုံးမြောက် ဆုဖလားကို ရယူသွားချင်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူနိုင်ဖို့ ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၄ နှစ်အကြာမှာ ပြန်လည်တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မာဆေးဆိုဒ်အသင်းဟာ ၎င်းတို့ရဲ့ ဆုဖလားဗီဒိုထဲကို ၇ ခုမြောက် ဥရောပဖလားကို ထည့်သွင်းဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာက ဘာစီလိုနာအသင်းနဲ့ ၁၃ မှတ်အကွာ လာလီဂါဖလား ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဥရောပချန်ပီယံအဖြစ် ၁၄ ကြိမ်မြောက် ဘွဲ့ခံဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။

Carlo Ancelotti

Photo: Marca

လာလီဂါထိပ်သီးအသင်းကြီးဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ချန်ပီယံလိဂ်သမိုင်းတလျှောက် အထူးခြားဆုံး အလှည့်အပြောင်းတွေထဲက တစ်ခုကို လုပ်ပြနိုင်ခဲ့ပြီး ၂-၀ နဲ့ နောက်ကနေ လိုက်ကစားပြီး မန်ချက်စတာစီးတီးအသင်းကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်တိုက်စစ်မှူးဟောင်း အိုဝင်က ကလော့ပ်ရဲ့အသင်းဟာ စနေနေ့ညမှာ စပိန်လာလီဂါအသင်းအတွက်တော့ အရမ်းကောင်းလွန်းနေပြီး ၂၀၁၈ ခုနှစ် ဗိုလ်လုပွဲက အသည်းကွဲခဲ့ရမှုကို လက်စားချေနိုင်လိမ့်မယ်လို့ ထောက်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လီဗာပူးလ်အတွက်တော့ တနင်္ဂနွေနေ့မှာ လိဂ်ဖလားကို အနိုင်ရဖို့အတွက် သိပ်မလုံလောက်ခဲ့ပါဘူး။ ဖလား ၃ လုံးက အသင်းအတွက်တော့ အရမ်းကောင်းမွန်တဲ့ရာသီ ဖြစ်နိုင်ဆဲဖြစ်ပါလိမ့်မယ်။ ဒီပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ စိုးရိမ်ရတဲ့ဟာက ကွင်းလယ်က ဒဏ်ရာပြဿနာပါ။ တကယ်လို့ ကလော့ပ်သာ သူ့ရဲ့ ပထမပွဲထွက်ကစားသမား ၁၁ ဦးထဲက အများစုကို ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်နိုင်မယ်ဆိုရင် လီဗာပူးလ်အသင်း အနိုင်ရသွားမယ့်ဘက်မှာပဲ ကျွန်တော် နေမှာပါ။ ရီးရဲလ်က ဒီဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အရမ်းကောင်းမွန်တာတွေ လုပ်ခဲ့တယ်”

Liverpool players celebrated after penalty shootout win

Photo: Daily Mail

“ဒါပေမယ့် ဒီလောက်အထိ သူတို့တွေ ရောက်ခဲ့သင့်လားဆိုတာ ကျွန်တော် မသေချာပါဘူး။ သူတို့တွေ ဘာနေဗျူးမှာ မယုံနိုင်စရာ ပြန်လာနိုင်ခဲ့တယ်။ သူတို့တွေ ကြားကွင်းမှာတော့ ဒီလိုအရာမျိုးတွေကို လုပ်နိုင်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ လီဗာပူးလ်က ရီးရဲလ်မက်ဒရစ်အတွက်တော့ အင်အားတွေ၊ မြန်နှုန်းတွေ၊ အရည်အသွေးတွေ အရမ်းများလွန်းနေပါလိမ့်မယ်။ ကျွန်တော် ဘယ်တော့မှ ရီးရဲလ်ကို လျှော့မတွက်ခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူးလ်က သံသယဝင်စရာကောင်းတဲ့ ခံစစ်နဲ့ ရင်ဆိုင်ရာမှာ ဂိုးအနည်းငယ်သွင်းယူနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ ၃-၁ က ကျွန်တော့်ရဲ့ ခန့်မှန်းချက်ပါ”လို့ BetVictor အတွက် ကော်လံမှာ ရေးသားခဲ့ပါတယ်။

Featured Photo: Thesportreview