ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား တိုနီခရူးစ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီး ဂျာမန်ရုပ်သံနဲ့ အင်တာဗျူးမှာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်အတွင်း လီဗာပူးက ပွဲကိုလွှမ်းမိုးခဲ့တဲ့အပေါ် အံ့ဩသင့်ခဲ့ရလားလို့ အမေးခံခဲ့ရတာကြောင့် ဒေါသတကြီး ပေါက်ကွဲခဲ့ပါတယ်။

Photo : Daily Mail

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ စနေနေ့ညက Stade de France မှာ လီဗာပူးကို အနိုင်ရရှိပြီး ဥရောပဘောလုံးလောကရဲ့ ဂုဏ်သိ​က္ခာအကြီးမားဆုံး ချန်ပီယံလိဂ်ဆုဖလားကို သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဆုဖလားအတွက် ရေပန်းစားခဲ့တဲ့ လီဗာပူးအသင်းဟာ ပွဲစဉ်အစောပိုင်းမိနစ်တွေမှာ ပြိုင်ဘက်အသင်းကို ဦးဆောင်လွှမ်းမိုးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ပထမပိုင်းမှာ မိုဟာမက်ဆာလာနဲ့ ဆာဒီယို မာနေးတို့ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ဂိုးသမား သီဘောက် ကော်တိုရစ်က အစွမ်းကုန် လက်စွမ်းပြကာကွယ် နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲကိုတဖြည်းဖြည်း ပြန်လည်ဦးဆောင်လာခဲ့ပြီး ပွဲကစားချိန် ၅၉ မိနစ်မှာတော့ ဗယ်ဗာဒီရဲ့ အကွက်မြင်မြင် ဖြတ်တင်ပေးပို့မှုကနေတဆင့် ဗင်နီစီးယပ်စ်က လီဗာပူး ညာနောက်ခံလူ အာနိုးကို ကျော်ဖြတ်ပြီး ရီးရဲလ်မက်ဒရစ်အတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo : The Guardian

ဒါဟာ ရီးရဲလ်မက်ဒရစ်အတွက် တစ်ရာသီလုံး အရေးပါတဲ့ ဘရာဇီးလ် တိုက်စစ်မှုးရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ပွဲအပြီး ဂျာမန်ရုပ်သံနဲ့ အင်တာဗျူးမှာတော့ ရီးရဲလ်မက်ဒရစ်ကစားသမား တိုနီခရူးစ် အား လီဗာပူးက ပွဲကိုလွှမ်းမိုးထားခဲ့လို့ အံ့အားသင့်ခဲ့ရလားလို့ မေးမြန်းခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒီမေးခွန်း မေးမြန်းခံခဲ့ရတဲ့အပေါ် မပျော်မရွှင် ဖြစ်ခဲ့ပါတယ်။

” ခင်ဗျားမှာ မိနစ် ၉၀ ရှိခဲ့တယ် ၊ ပြီးတော့ အရေးမပါတဲ့ မေးခွန်းနှစ်ခု မေးလာတယ် ၊ အပြုသဘောမဆောင်တဲ့ မေးခွန်းနှစ်ခု ၊ ခင်ဗျားက ဂျာမန်လူမျိုးဖြစ်တယ်ဆိုတာ ချက်ချင်းပြောနိုင်တယ် ” လို့ တိုနီခရူးစ်က သတင်းထောက်ကို ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး အင်တာဗျူးကို ဆက်မဖြေဘဲ ထွက်သွားခဲ့ပါတယ်။

Photo : SPORTbible

တိုနီခရူးစ်ရဲ့ ပွဲအပြီးအင်တာဗျူးနဲ့ ပတ်သတ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေများစွာရှိခဲ့ပြီး ပရိသတ်တစ်ဦးက ” တိုနီက ဒီရာသီမှာ ဘားမှမဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကလည်း ” တိုနီခရူးစ်က လုံးဝမောက်မာတဲ့သူ ၊ သတင်းထောက်က ဘာအမှားမှ မလုပ်ဘူး ၊ သူ အစကတည်းက အင်တာဗျူးအတွက် စိတ်မဝင်စားဘဲ ပေါ့ပျက်ပျက်လုပ်နေတာ ၊ ဒါက လုံးဝ ရိုင်းစိုင်းတဲ့ အပြုအမူပါပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးကို ၁ – ၀ ဂိုးနဲ့ အနိုင်ရရှိပြီး ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : SPORTbible