မနေ့ညက ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာ စီးတီးအသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ အက်ဖ်အေ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်ထိ ခံယူခဲ့ရရင်း ပင်နယ်တီမှာ (1-4) နဲ့ အာဆင်နယ်က အနိုင်ရပြီး (၁၇)ကြိမ်မြောက် ကွန်မြူနတီဒိုင်း ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။

city vs arsenal

Photo Credit : The Independent

ဒီပွဲမှာ မန်စီးတီးအသင်းက ကစားသမားသစ် ကိုဗာဆစ်ကို အသုံးပြုလာခဲ့ပေမယ့် ဂဗာဒီယော်လ်ကိုတော့ အသုံးပြုခဲ့ခြင်း မရှိသလို ဒီဘရိုင်းနားကိုလည်း ဒုတိယပိုင်းမှသာ ထည့်သွင်းခဲ့ပါတယ်။ အာဆင်နယ်ကတော့ ကစားသမားသစ် (၃)ဦးလုံးကို တပြိုင်နက်တည်း သုံးစွဲခဲ့ပြီး ခံစစ်က တင်းဘားက ခြေစွမ်းကောင်းတွေ ပိုမို ပြသနိုင်ခဲ့ပါတယ်။ ကစားပုံချင်း မျှနေတဲ့ ဒီနှစ်သင်းဟာ ပထမပိုင်း ပွဲချိန်အတွင်းမှာတော့ ဂိုးမရှိသရေသာ ဖြစ်နေခဲ့ရပြီး ဒုတိယပိုင်းမှသာ သွင်းဂိုးတွေကို မြင်တွေ့လာရတာပဲ ဖြစ်ပါတယ်။

rodri ramsdale

Photo Credit : Goal

ဒုတိယပိုင်းမှာ နှစ်သင်းလုံး ကစားသမား အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ကြပြီး အဲ့ဒီ လူစားဝင် ကစားသမားတွေကပဲ ဂိုးတွေကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းအစား လူစားဝင်လာခဲ့တဲ့ လူငယ် ကစားသမားလေး ပါလ်မာက စီးတီးအတွက် အဖွင့်ဂိုးကို (၇၇)မိနစ်မှာ သွင်းယူခဲ့ပြီး မာတင်နယ်လီနေရာ လူစားဝင်လာခဲ့တဲ့ ထရိုဆက်ဒ်ကလည်း အာဆင်နယ်အတွက် အဖိုးတန် ချေပဂိုးကို ပွဲပြီးဆုံးခါနီလေးမှာပဲ သွင်းယူခဲ့ပါတယ်။

arsenal

Photo Credit : Al Jazeera

ဒီလို တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲ ဖြစ်နေချိန်မှာ အနိုင်အရှုံးအတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူဖို့ ဖြစ်လာခဲ့ပြီး ပင်နယ်တီ ကန်သွင်းမှုမှာတော့ မန်စီးတီးက ဘာနာဒို ဆေးလ်ဗား ကန်သွင်းမှုသာ ဂိုးဝင်ခဲ့ပြီး ဒီဘရိုင်းနား နဲ့ ရိုဒရီတို့ ဂိုးမဝင်ခဲ့ပဲ အာဆင်နယ်ကတော့ ပင်နယ်တီ (၄)ဂိုးလုံး ဂိုးဝင်ခဲ့ရင်း အာဆင်နယ်တို့ နိုင်ပွဲရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ မန်စီးတီးအသင်းကို (၈)ပွဲဆက်တိုက် အနိုင်မယူနိုင်ခဲ့တဲ့ စံချိန်ဆိုးကြီး ရိုက်ချိုးပစ်နိုင်ခဲ့သလို ရာသီသစ်အတွက်ကိုလည်း ယုံကြည်မှု အားကောင်းသွားခဲ့ရပြီလို့ ဆိုနိုင်ပါတယ်။

Featured Photo : talkSPORT