ကိုယ့်ရဲ့ ဘိုးဘွား မိဘများ လက်ထပ်တုန်းကတော့ ပိုက်ဆံများ ထားစရာနေရာမရှိအောင် ကျိကျိတက် ချမ်းသာ ခဲ့ပြီး ကိုယ့် အလှည့်ကျတော့မှ ဘာ့ကြောင့် ဆင်းရဲ မွဲတေသွားရသလဲဆိုတာကို စဥ်းစားရခက်နေပါသလား။

ကမ္ဘာကျော် သူဌေးကြီး Bill Gates ပြောသလိုပါပဲ။ “သင်သည် ဆင်းရဲစွာနဲ့ မွေးဖွားလာခဲ့မယ်ဆိုရင် ဒါသည် သင့်အမှား မဟုတ်ပါဘူး။ ဒါပေမဲ့ သင်သည် ဆင်းရဲမွဲတေစွာနဲ့ သေဆုံးသွားခဲ့မယ်ဆိုရင်တော့ သင့်အပြစ် ဖြစ်သွားပါပြီ” ဆိုတဲ့ စကားအရ သင်သည် ဆင်းဆင်းရဲရဲနှင့် သေဆုံးသွားခြင်းက သင့်ရဲ့ လုံ့လ မစိုက်ထုတ်မှု၊ ပျင်းရိမှု၊ အလုပ် လာဘ်မမြင်တတ်မှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

မိဘရဲ့ စည်းစိမ်ချမ်းသာများကို ခံစားရခြင်းသည်လည်း ရှေးဘဝက ကုသိုလ်ကံကောင်းခဲ့လို့ပဲ ပြောရမှာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ မိဘဆိုတာက သင် ရွေးချယ်လို့မရနိုင်တဲ့အရာဖြစ်ပါတယ်။ အချို့ကလည်း မိဘရဲ့ စည်းစိမ်များကို တစ်စထက် တစ်စ ပိုမိုတိုးပွားလာအောင် လုပ်ဆောင်နိုင်ကြပေမယ့် အချို့ကလည်း မိဘ လက်ထပ်က အမွေအနှစ်နှင့် ချမ်းသာ ကြွယ်ဝမှုများကို သေချာ မထိန်းသိမ်းနိုင်ဘဲ ကိုယ့်အလှည့်ကျမှ ဆင်းရဲ သွားတဲ့အဖြစ်မျိုးလည်း ရှိပါသေးတယ်။

ကွီးတို့ရော ကိုယ့်ပတ်ဝန်းကျင်မှာ ထိုအဖြစ်များ မြင်တွေ့ဖူးပါသလား။ ထိုကဲ့သို့ မိဘရဲ့ ချမ်းသာ ကြွယ်ဝမှုများကို မထိန်းသိမ်းနိုင်ဘဲ ကိုယ့်အလှည့်ကျမှ ဆင်းရဲ သွားတာက ဘာ့ကြောင့်လို့ ထင်ပါသလဲ။

အခက်အခဲများ အတားအဆီးများကို မကျော်ဖြတ်ချင်လို့

man success

အခက်အခဲ၊ အတားအဆီးများ ဆိုတဲ့ အရာမှာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အလုပ်က ပေးတဲ့ ဖိအားများ၊ အခက်အခဲများလည်း ဖြစ်နိုင်သလို လူအများနှင့် ပေါင်းသင်းဆက်ဆံမှုတွင် အခက်အခဲရှိခြင်း၊ ကိုယ်ပိုင်စီးပွားရေး အကြပ်အတည်းများ၊ ကိုယ့်ထက် အသက်ငယ်ပြီး ရာထူးကြီးနေသည့်သူကို မရိုကျိုးချင်တဲ့ အတ္တ မာနစိတ်များ စသည်တို့လည်း ဖြစ်နိုင်ပါတယ်။ မည်သည့်အခက်အခဲကို မဆို ကျော်လွှားနိုင်မယ်ဆိုရင်တော့ အောင်မြင်ခြင်း အသီးအပွင့်ကို ခံစားရမှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ ငယ်စဥ်က သွန်သင်ဆုံးမ ခံခဲ့ရမှု၊ ကြီးပြင်းမှုပေါ် မူတည်ပြီး အလွယ်တကူ လက်လျော့ချင်တတ်တဲ့ စိတ်သည်လည်း ဆင်းရဲမွဲတေရခြင်း အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကြောက်စိတ်များကြောင့် အခက်အခဲတွေဆိုတာ ဖြစ်တည်လာတာပါ။ ကွီးတို့ စိတ်ထဲက ကြောက်စိတ်ကို ဖယ်ရှားပြီး အခက်အခဲများကို ကျော်ဖြတ်နိုင်မှသာလျှင် ချမ်းသာအောင် ကြိုးစားနိုင်မှာဖြစ်ပါတယ်။

ကံကောင်းလာမှာကိုပဲ ထိုင်ပြီး စောင့်ဆိုင်းနေလို့

ချမ်းသာ ဆင်းရဲ

တစ်ယောက်ယောက်ကတော့ မြင်းဖြူကြီးစီးပြီး လာကယ်တင်မယ်ဆိုတာကတော့ နတ်သမီး ပုံပြင်တွေထဲမှာပဲ ရှိတာပါ။ ကိုယ် လုပ်စရာရှိတဲ့ အလုပ်တွေကို မလုပ်ဘဲ ကိုယ့်ကို လာကယ်တင်မယ့်သူ (သို့) ကံကောင်းလာမယ့် အချိန်ကို ထိုင်စောင့်နေမယ်ဆိုရင်တော့ ဘဝနေဝင်ချိန်သည် အမြန်ဆုံး ရောက်ရှိလာမှာဖြစ်ပြီး ချမ်းသာခြင်းကတော့ ဟိုးအဝေးကြီးမှာပါပဲ။

ဒါ့ကြောင့် ကွီးတို့အနေနဲ့ ထိုကဲ့သို့ မကြုံတွေ့ချင်ဘူးဆိုရင် အလုပ်သင့်ဆုံးအရာက ကံကောင်းမယ့်အချိန်ကိုပဲ ထိုင်စောင့်နေမယ့်အစား ကံကောင်းခြင်းကို ကိုယ်တိုင် ဖန်တီးရပါမယ်။ ကံကောင်းခြင်းဆိုတာကတော့ အလုပ်လုပ်ခြင်း၊ ကြိုးစားခြင်းရဲ့ ရလာဘ်ပဲဖြစ်ပါတယ်။ အလုပ်လုပ်မယ်၊ ကိုယ် လိုချင်တဲ့ ပန်းတိုင် ရောက်အောင် မဆုတ်မနစ်တဲ့ ဇွဲနဲ့ ကြိုးစားလျှောက်လှမ်းမယ်ဆိုရင်တော့ အောင်မြင်ခြင်းလို့ခေါ်တဲ့ ကံကောင်းခြင်းတွေ တပြုံကြီး ရောက်ရှိလာမှာပဲဖြစ်ပါတယ်။

မာနကြီးကာ ထောင်လွှားမောက်မာနေလို့

ချမ်းသာ ဆင်းရဲ

“သင်သည် အမြင့်တစ်နေရာသို့ တက်လှမ်းနေချိန်မှာ လူတွေ အပေါ် မောက်မာထောင်လွှားခြင်းမရှိဘဲ ကောင်းမွန်စွာ ဆက်ဆံပါ။ ဘာ့ကြောင့်လဲဆိုတော့ သင့်ရဲ့ ကျချိန်မှာ ထိုသူများနှင့် ပြန်လည် တွေ့ဆုံနိုင်မှာ မို့လို့ပါ။” ဆိုတဲ့ Wilson Mizner ဆိုသူက အကြံပေးထားပါတယ်။ မောက်မာထောင်လွှားခြင်းသည် မကောင်းသော အကျင့်စရိုက်တစ်ခုပဲဖြစ်ပါတယ်။ မောက်မာထောင်လွှားတတ်တဲ့သူသည် လူမုန်းများတတ်ပါတယ်။ ဒါပေမဲ့ ကွီးတို့ဆီမှာ ကြင်နာသနားတတ်တဲ့ စိတ်၊ ကူညီတတ်တဲ့ စိတ်ရင်း ကောင်းမယ်ဆိုရင်တော့ ကိုယ် ဒုက္ခရောက်နေချိန်မှာ ကိုယ့်ကို ကူညီမယ့်သူတွေ ရှိမှာပဲဖြစ်ပါတယ်။

အစေ့အဆံ ပြည့်ဝသော စပါးနှံလေးများသည် လေပေါ်မှာ မထောင်ဘဲ အောက်သို့ အနည်းငယ် ကိုင်းညွှတ်နေလေ့ရှိကြပြီး အခွံချည်းသပ်သပ်သာရှိသော စပါးနှံများကတော့ လေပေါ်မှာ ထောင်လွှားနေတတ်တာကို ဥပမာယူသင့်ပါတယ်။ အမှန်တကယ် ပညာရည် ပြည့်ဝပြီး အရည်အချင်းရှိသူများသည် မိမိကိုယ်ကို နှိမ့်ချစွာ ဆက်ဆံတတ်ပြီး မာနကြီးကာ ထောင်လွှားမောက်မာချင်းလည်း မရှိကြပါဘူး။ မပြည့်သော အိုးများသာလျှင် ဘောင်ဘင်ခတ်တတ်ကြတာပါ။

အလုပ်လုပ်ချင်စိတ် မရှိလို့

ချမ်းသာ ဆင်းရဲ

ဘာ့ကြောင့် မချမ်းသာဘဲ ဆင်းရဲနေရသလဲ။ အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ အလုပ် မလုပ်လို့ပါ။ အောင်မြင်နေသူများ၊ ချမ်းသာနေသူများကို ကြည့်လိုက်ပါ။ ပျင်းချိန်၊ နားချိန် မရှိရလေအောင် အလုပ်လုပ်ကြပါတယ်။ အလုပ် မလုပ်ချင်တဲ့သူကတော့ ဆင်ခြေမျိုးစုံပေးကာ အလုပ်လုပ်ဖို့ကို ရှောင်ကြဥ်ကြပါတယ်။ ဒီအလုပ်က လစာနည်းလို့၊ ဟိုအလုပ်ကျပြန်တော့ ဟိုလူနဲ့ မတည့်လို့၊ နောက်အလုပ်ကျပြန်တော့ ကိုယ့်ထက် အသက်ငယ်တဲ့သူရဲ့ လက်အောက်မှာ မလုပ်ချင်လို့ စသည်ဖြင့် ချေးများနေမယ်ဆိုရင်တော့ ဘာအလုပ်မှ ရမှာမဟုတ်ပါဘူး။

လုပ်ငန်းခွင်မှာ လူတိုင်းနဲ့ သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံခြင်းသည်လည်း လူတိုင်းမှာ ရှိထားသင့်တဲ လူမှုပေါင်းသင်းဆက်ဆံနည်းတစ်ခုပါပဲ။ ကိုယ့် ဆုံးဖြတ်ချက်နဲ့ကိုယ် အလုပ်ထွက်ပြီး အလုပ်မဲ့ အကိုင်မဲ့သွားခါမှ ဘယ်သူကြောင့် ဘယ်ဝါကြောင့် အလုပ်ထွက်ခဲ့ရလေခြင်းဆိုပြီး အခြားသူကို အပြစ်တင်နေခြင်းသည်လည်း ကိုယ့်ရှိ လက်ရှိအခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။

ဒါ့ကြောင့် ဆင်းရဲမွဲတေခြင်းကို ရှောင်ရှားချင်တယ်ဆိုရင် ရေကုန်ရေခမ်း အလုပ်လုပ်ရပါမယ်။ ကြိုးစားရပါမယ်။ အလုပ် လာဘ်မြင်တတ်ရပါမယ်။ ကိုယ့်ဆီသို့ ရောက်ရှိလာတဲ့ အခွင့်အရေးကောင်းများကို ကောင်းကောင်းမွန်မွန် အသုံးချတတ်ရပါမယ်။

Source: Tribuneonlineng

Featured Image: Freepik