ချယ်လ်ဆီးအသင်းက နိုင်ငံတကာ ပွဲစဉ်တွေ မလာခင်မှာပဲ စပါးကို ဂိုးပြတ် အနိုင်ယူထားပြီး မန်စီးတီးကိုလည်း နောက်ဆုံးမိနစ်ထိ အကြိတ်အနယ် ကစားရင်း (၄)ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့ ဒီလို ခြေစွမ်းတွေကြောင့် လာမယ့် ပွဲတွေမှာလည်း ရလဒ်တွေ ဆက်လက် ကောင်းမွန်နိုင်လိမ့်မယ်လို့ ထင်ခဲ့ရပေမယ့်လည်း အခု နယူးကာဆယ်နဲ့ပွဲမှာပဲ (၄)ဂိုး (၁)ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့တောင် အပြတ်အသတ် အရေးနိမ့်ခဲ့ရပါတယ်။

new vs cfc

Photo Credit : Reuters

တကယ်တော့ နယူးကာဆယ်ဟာ ဒီရာသီ အိမ်ကွင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်းအရ အားရစရာ အနေအထားတွေ ရှိထားပြီး ပရီးမီးယားလိဂ်မှာ လီဗာပူးလ် တစ်သင်းတည်းကိုပဲ စိန့်ဂျိမ်းစ်ပတ်ခ်မှာ ရှုံးနိမ့်ထားခဲ့သလို အာဆင်နယ်လို အသင်းကောင်း တစ်သင်းကိုတောင် အနိုင်ယူထားခဲ့ပါတယ်။ ပြိုင်ပွဲစုံမှာဆိုရင် မန်စီးတီး ပီအက်စ်ဂျီတို့လို အင်အားကြီး ထိပ်သီးအသင်းတွေကိုတောင် အနိုင်ရထားပါသေးတယ်။

chelsea

Photo Credit : We Ain’t Got No History

ဒီလိုပဲ ချယ်လ်ဆီးကလည်း ဒီရာသီမှာဆိုရင် မန်စီးတီး အာဆင်နယ် နဲ့ လီဗာပူးလ်တို့လို အသင်းတွေကို သရေကစားနိုင်ခဲ့ပြီး ဒီရာသီထဲ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ စပါးကိုလည်း ရှုံးပွဲတွေ့စေခဲ့တဲ့ အသင်းပါ။ ဒါပေမယ့် ဒီပွဲမှာတော့ ချယ်လ်ဆီးအသင်းက ပထမပိုင်း နဲ့ ဒုတိယပိုင်းကို တသမတ်တည်း မကစားနိုင်ခဲ့ပဲ ဒုတိယပိုင်းမှာ တစ်ဦးချင်း အမှားတွေ ရှိခဲ့သလို ဂျက်ဆင်ရဲ့ အခွင့်အရေး အသုံးမချနိုင်မှုနဲ့ အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ် (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံရမှုတွေက အသင်းအတွက် ထိုးနှက်ချက်တွေ ဖြစ်စေခဲ့ရပါတယ်။

gordon scored

Photo Credit : The Sun

အိမ်ရှင်အသင်းကလည်း ဒဏ်ရာရ ကစားသမားတွေ များပြားနေမှုကြောင့် လူမစုံခဲ့ပေမယ့် သူတို့အသင်းရဲ့ physical game ကစားအား ကောင်းမွန်မှုက ဒီပွဲမှာ အလုပ်ဖြစ်ခဲ့သလို လက်လ်ဆဲ နဲ့ ဂျိုလင်တန်တို့ တစ်မိနစ်အတွင်း သွင်းယူခဲ့တဲ့ ဂိုး(၂)ဂိုးက ဒီပွဲရဲ့ အကြီးမားဆုံး အလှည့်အပြောင်း ဖြစ်သွားစေခဲ့ရပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ ကစားသမား တစ်ယောက်လျော့လိုက်ရတဲ့ ချယ်လ်ဆီးက နယူးကာဆယ်ကို ဘယ်လိုမှ မတုံ့ပြန်နိုင်တော့ပဲ နောက်တစ်ဂိုးပါ ထပ်မံ ခွင့်ပြုရင်း ဂိုးပြတ်နဲ့ပါ အရေးနိမ့်ခဲ့ရပါတယ်။

Featured Photo : ESPN