ဒီနွေဈေးကွက်ထဲမှာ သူထက်ငါအပြိုင် ကစားသမားသစ်တွေ အမြောက်အများ ခေါ်ယူနေကြတဲ့ ကလပ်အသင်းတွေက အရင်ကလောက် မများတော့ဘူးလို့ ဆိုရပါမယ်။ ဒါကလည်း ဈေးကွက် မပိတ်သေးတာကြောင့်လည်း ဖြစ်နိုင်သလို တချို့အသင်းတွေက လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမား အင်အားလေးနဲ့ပဲ နည်းနည်း ထပ်ဖြည့်ထားတာလေးနဲ့ ပေါင်းပြီး ရာသီသစ်ကို ဖြတ်သန်းဖို့ ပြင်ဆင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီး ကတော့ နည်းပြကနေ စတင်ပြီး ခေါ်ယူလိုက်တာ အခုဆို ကစားသမားသစ် (၉)ဦးအထိတောင် ခေါ်ယူထားပြီးပြီ ဖြစ်ပါတယ်။

chelsea here we go

Photo Credit: Fabrizio Romano

လက်ရှိ ချယ်လ်ဆီး အသင်းရဲ့ ကစားသမားစာရင်းမှာ ဂိုးသမားချည်းပဲ (၆)ယောက်အထိတောင် ရှိလို့နေပြီး ကစားသမား အားလုံးပေါင်းဆိုရင်တော့ (၄၃)ယောက်အထိတောင် ရှိနေပါတယ်။ ဒါတောင် ခေါ်ယူထားတဲ့ ကစားသမား (၉)ဦးအပြင် Here We Go ထားပြီး အသင်းဆီ ရောက်မလာသေးတဲ့ ကစားသမား (၂)ဦးခန့်လည်း ရှိနေပါသေးတယ်။ ခေါ်ယူထားတဲ့ ကစားသမားတွေထဲကမှ နောက်ခံကစားသမားလေး အာရွန် အန်ဆယ်လ်မီနိုကိုတော့ သူ့ကလပ်အသင်း ဘိုကာဂျူနီယာဆီ အငှားပြန်ချထားခဲ့ပါတယ်။

pedro neto

Photo Credit: Chelsea Photos

ချယ်လ်ဆီး အသင်း ခေါ်ယူထားတဲ့ ကစားသမား အများစု ဘောလုံးပရိသတ်တွေနဲ့တောင် သိပ်မရင်းနှီးသေးတဲ့ ကစားသမားတွေ များနေတာမို့ အသင်းပရိသတ်တွေကပါ သူတို့အသင်းကို နောက်ထပ် ကစားသမားသစ်တွေ ထပ်ခေါ်မှာတောင် စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် အသင်းနဲ့ အသံတောင် မထွက်ထားတဲ့ ဝုလ်ဗ်က ပေါ်တူဂီ တောင်ပံကစားသမား ပတ်ဒရို နက်တိုလို အရည်အသွေးမြင့် ကစားသမားကောင်း တစ်ဦးကို Surprise တိုက်ပြီး ခေါ်ယူလိုက်တာကတော့ အသင်းပရိသတ်တွေကို အတော်လေး ကျေနပ်စေမှာ သေချာပါတယ်။

osimhen chelsea

Photo Credit: Youtube

ချယ်လ်ဆီးက အခု နက်တိုကို တရားဝင် ခေါ်ယူပြီး သူ့မတိုင်ခင် Here We Go ထားတဲ့ စပိန် တိုက်စစ်မှူးလေး အိုမိုရိုဒီယန်ကလည်း အသင်းဆီ ရောက်လာတော့မှာ ဖြစ်နေသည့်တိုင် ချယ်လ်ဆီး ရဲ့ နောက်ထပ် ခေါ်ယူမှုက ဗစ်တာ အိုဆီမန်ပါ ဖြစ်နိုင်တယ်လို့လည်း ပြောနေကြပါတယ်။ ချယ်လ်ဆီးက တကယ်လို့ အိုဆီမန်ကို ခေါ်မယ်ဆိုရင်လည်း အသင်းကနေ လူကာကူ စတားလင်း ဘရိုဟာ ဖိုဖားနားတို့လို တိုက်စစ်ကစားသမားတွေကိုလည်း အသင်းကနေ တစ်သီတစ်သန်းကြီး ရှင်းထုတ်သွားနိုင်ပါတယ်။

Featured Photp: Chelsea Football Club