ချယ်လ်ဆီးအသင်းက ဒီရာသီမှာ ကစားသမား အပြောင်းအလဲတွေ အမြောက်အများ လုပ်ဆောင်ထားပြီး နည်းပြသစ် ပိုချက်တီနိုနဲ့ ကြီးကြပ်မှုတွေနဲ့ ဒီရာသီကို ဖြတ်သန်းနေရပါတယ်။ ပရီးမီးယားလိဂ် တစ်ခုတည်းကိုသာ အာရုံစိုက်နေရပေမယ့် အသင်းက ပိုချက်လက်ထက် တည်ငြိမ်မှု သိပ်မရှိသေးပဲ တိုးတက်မှုတွေလည်း နှေးကွေးနေရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးမှာ ထူးခြားချက်တစ်ခု ရှိနေပါတယ်။ ဒါက သူတို့ဟာ ဒီရာသီမှာ Big 6 အသင်းတွေကို တစ်သင်းမှ မရှုံးအောင် ကစားထားနိုင်ခဲ့တာပါပဲ။

chelsea

Photo Credit : NBC Sports

ပရီးမီးယားလိဂ်မှာ မန်စီးတီး အာဆင်နယ် လီဗာပူးလ် ချယ်လ်ဆီး စပါး နဲ့ မန်ယူနိုက်တက်အသင်းတွေကို Big 6 အသင်းတွေအဖြစ် သတ်မှတ်ထားပြီး ဒီရာသီထဲ ချယ်လ်ဆီးက မန်စီးတီး အာဆင်နယ် လီဗာပူးလ်တို့နဲ့ ရင်ဆိုင်ခဲ့စဉ်မှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေရလဒ် ရရှိအောင် ကစားနိုင်ခဲ့သလို စပါးကိုလည်း (1-4) နဲ့ပါ အနိုင်ယူထားခဲ့ပါတယ်။ ချယ်လ်ဆီးအနေနဲ့ ဒီရာသီရဲ့ ပထမ ရာသီဝက်အတွင်း ရင်ဆိုင်ဖို့ ကျန်ရှိနေသေးတဲ့ Big 6 အသင်းက မန်ယူနိုက်တက်ပဲ ဖြစ်ပါတယ်။

utd vs cfc

Photo Credit : Opta Analyst

ချယ်လ်ဆီး နဲ့ မန်ယူနိုက်တက်တို့က ဒီနေ့ည ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားသွားရပါမယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အိုးထရက်ဖို့ဒ်မှာ ဆုံတွေ့ခဲ့စဉ်အတွင်းကတော့ အိမ်ရှင် ယူနိုက်တက်က ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် တွေ့ဆုံမှုမှာတော့ မနှစ်ကလို ရလဒ်မျိုး ထွက်ပေါ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ဝုလ်ဗ် နော်တင်ဟမ် ဘန်လေ ဘရန့်ဖို့ဒ် ရှက်ဖီး ဖူလ်ဟမ် လူတန် အဲဗာတန်တို့ကိုသာ အနိုင်ရထားပြီး စပါး အာဆင်နယ် မန်စီးတီးတို့လို Big 6 အသင်းတွေအပြင် နယူးကာဆယ် ဘရိုက်တန်တို့လို Top 9 အသင်းတွေကိုပါ ရှုံးနိမ့်ထားပါတယ်။

gallagher vs shaw

Photo Credit : Footall Whispers

ဒီနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ပြန်ကောင်းနေတယ်လို့ ဘယ်လိုပဲပြောပြော နယူးကာဆယ်နဲ့ပွဲမှာ ယူနိုက်တက် ကစားသွားတာက ဘယ်လိုမှ အားရစရာကောင်းမနေပဲ ရလဒ်လည်း ဆိုးရွှားခဲ့ရပါတယ်။ ဒီလိုအချိန်မှာ ယူနိုက်တက်ထက် ကစားပုံ ပိုကောင်းတဲ့ ချယ်လ်ဆီးနဲ့ ထပ်မံ ရင်ဆိုင်ရမှာက ယူနိုက်တက်အတွက် ခက်ခဲရစေနိုင်ပြီး အိုးထရက်ဖို့ဒ်မှာ အိမ်ရှင် သရဲနီတို့ တစ်ခုခု လုပ်ပြနိုင်ဖို့ဆိုတာလည်း အလွန် ခက်ခဲနိုင်ပါတယ်။

Featured Photo : The Sun