ကစားသမားတွေ ပေါပေါလောလော ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ခေါ်ယူမှုတွေထဲမှာ အသင်းအတွက် လုံးဝ အကျိုးရှိဆုံး ခေါ်ယူမှုတစ်ခုကတော့ မန်စီးတီးအသင်းကနေ ကိုး ပါလ်မာ ဆိုတဲ့ ချာတိတ်လေးကို ခေါ်ယူနိုင်ခဲ့ခြင်းပါပဲ။ အလားအလာ အရမ်းကောင်းတဲ့ မန်စီးတီး အကယ်ဒမီထွက် ကစားသမားလေး ပါလ်မာကို ချယ်လ်ဆီးက ပေါင် (၄၂.၅)သန်းနဲ့ ခေါ်ယူလိုက်နိုင်တာ အဲ့ဒီပြောင်းရွှေ့ကြေးထက် (၁၀)ဆလောက်တန်တဲ့ အရာတွေ ပြန်ရလိုက်သလိုပါပဲ။

manchester to london palmer

Photo Credit: Goal

တကယ်တော့ ပါလ်မာ လို အရည်အသွေးမြင့်တဲ့ ကစားသမားကို မန်စီးတီးဘက်က လက်လွတ်မခံချင်ပေမယ့် ပါလ်မာကိုယ်တိုင်က ပွဲကစားခွင့်တွေ ပိုမို အလိုရှိနေတာကြောင့် မန်စီးတီးလို ဒိတ်ဒိတ်ကြဲ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းမှာ ပုံမှန် ကစားခွင့်အတွက် အာမခံချက် မရှိနိုင်တာကနေ နောက်ဆုံးတော့ အသင်းကနေ ထွက်ခွာဖြစ်ခဲ့ပါတယ်။ ပါလ်မာရဲ့ အခြေအနေကို သိရှိနေတဲ့ ချယ်လ်ဆီးက ပါလ်မာကို အသင်းဆီ အရ ခေါ်ယူနိုင်ခဲ့လို့ အခုဆိုရင် ချယ်လ်ဆီးဟာ အသင်းအတွက် အလွန်ကို တန်ဖိုးအရှိဆုံး ကစားသမားကောင်းတစ်ဦးကို ပိုင်ဆိုင်ထားခဲ့ရပြီ ဖြစ်ပါတယ်။

palmer trophies

Photo Credit: We Ain’t Got No History

ပါလ်မာ က ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံး ရာသီမှာပဲ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲကစား (၂၅)ဂိုးသွင်းယူပြီး (၁၅)ဂိုး ဖန်တီးပေးနိုင်ခဲ့သလို ချယ်လ်ဆီး တစ်သင်းလုံး သုံးစားမရ ဖြစ်နေချိန်မှာတောင် သူတစ်ယောက်တည်း ကွက်ပြီး ကောင်းနေတက်ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့် ပါလ်မာက ၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆု ၊ ချယ်လ်ဆီးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ ချယ်လ်ဆီး အသင်းဖော်တွေက ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံးဆုတွေကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

cole palmer

Photo Credit: Opta Analyst

အခုရာသီမှာလည်း ပါလ်မာက ချယ်လ်ဆီးအတွက် ပိုပြီးတော့ကို အဖိုးတန်ဆုံး ကစားသမား ဖြစ်လို့နေသေးပြီး မနေ့ညက ဘရိုက်တန်နဲ့ပွဲမှာဆိုရင် သူ တစ်ဦးတည်း သွင်းဂိုး(၄)ဂိုးကို ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို တစ်ပွဲတည်း (၄)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ရွှေကိုးလေး ခေါ် ပါလ်မာ ဟာ ချယ်လ်ဆီးနဲ့ လာမယ့် ၂၀၃၃ခုနှစ်အထိပါ စာချုပ် အရှည်ကြီး ချုပ်ဆိုထားသူဖြစ်ပြီး ဒီရာသီမှာ ချယ်လ်ဆီးအတွက် ဆုဖလား တစ်ခုခုများ ရယူပေးနိုင်မလားဆိုတာကလည်း စောင့်ကြည့်ချင်စရာ ဖြစ်လာပါတော့တယ်။

Featured Photo: beIN SPORTS