ချယ်လ်ဆီးအသင်းမှာ (၁၁)နှစ်ကြာ ဆယ်စုနှစ်တစ်ခုအထိ ပါဝင်ကစားခဲ့သူ ဝါရင့် နောက်ခံအစွန်လူကြီး အသင်းခေါင်းဆောင်ဟောင်းကြီး ဆီဇာ အက်ဇ်ပီလီကွယ်တာကတော့ ချယ်လ်ဆီးကနေ free agent player အဖြစ် ထွက်ခွာပြီး အသက်လက်တီကို မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
Photo Credit : Live Score
အသက် (၃၃)နှစ်အရွယ် စပိန် လက်ရွေးစင် ကစားသမားကြီး အက်ဇ်ပီလီကွယ်တာဟာ ၂၀၁၂ခုနှစ်ကမှ မာဆေးလ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး မာဆေးလ်ကို မရောက်ခင်တုန်းကတော့ စပိန်ကလပ် အိုဆာဆူနာမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ စပိန် ကစားသမားတစ်ဦး ဆိုပေမယ့် ကစားသမားဘဝ အချိန်အများစုကို အင်္ဂလန်မြေမှာသာ ဖြတ်သန်းထားခဲ့ရတဲ့ အက်ဇ်ပီလီကွယ်တာဟာ ချယ်လ်ဆီးအသင်းနဲ့လည်း ဆုဖလား အားလုံးကို သိမ်းပိုက် ရယူနိုင်ခဲ့ပြီး ကွန်မြူနတီဒိုင်း နဲ့ ကွန်းဖရန့်စ်ဖလားကလွဲရင် ကျန်တဲ့ ဖလားတွေအားလုံး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
Photo Credit : Sky Sports
ချယ်လ်ဆီးမှာ ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀၈)ပွဲအထိ ပါဝင် ကစားခဲ့ပြီး (၁၇)ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်ကြီးဟာ မနေ့ကပဲ သူ အရမ်းချစ်ခင်ရတဲ့ ချယ်လ်ဆီးအသင်းကို ကျောခိုင်း နှုတ်ဆက်ရပြီဖြစ်ကြောင်း ဗီဒီယိုမက်ဆေ့ချ်မှာ ပြောဆိုခဲ့ပြီး သူနဲ့ ချယ်လ်ဆီး ပရိသတ်တွေကြားက ဆက်ဆံရေးကလည်း တစ်သက်လုံး ခိုင်မြဲနေမယ်လို့ ယုံကြည်ကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ အခုတော့ အက်ဇ်ပီလီကွယ်တာက ချယ်လ်ဆီးနဲ့ လက်တွဲဖြုတ်ပြီးချိန်မှာပဲ လာလီဂါကလပ် အသက်လက်တီကိုနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။
Photo Credit : The Telegraph
တကယ်တော့ အက်ဇ်ပီလီကွယ်တာက လာလီဂါမှာ (၃)ရာသီလောက်သာ ကျင်လည်ခဲ့ဖူးတာ ဖြစ်ပါတယ်။ သူရဲ့ boyhood club အိုအာဆူနာနဲ့ ၂၀၀၇ကနေ ၂၀၁၀အထိသာ ဖြတ်သန်းထားခဲ့ဖူးတဲ့ အက်ဇ်ပီလီကွယ်တာဟာ နှစ်ပေါင်း (၁၃)နှစ်အကြာမှာတော့ လာလီဂါဆီ ပြန်ရောက်လာခဲ့ပြီး အသက်လက်တီကိုအသင်းနဲ့အတူ လာလီဂါပြိုင်ပွဲကြီးမှာ ပြန်လည် ဆင်နွဲသွားရတော့မှာ ဖြစ်ပါတယ်။ အက်ဇ်ပီလီကွယ်တာတစ်ယောက် အသက်လက်တီကိုမှာလည်း နောက်ထပ် ဘယ်နှစ်နှစ်လောက် ဆက်ကစားနိုင်မလဲ သူရဲ့အသင်းဟောင်း အိုဆာဆူနာဆီရော ပြန်သွားနိုင်ဦးမလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။
Featured Photo : The Sun