မိုက်ကယ် အိုလီဆေး ဆိုတဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းက ပြင်သစ် လူငယ် ကစားသမားလေးကို မန်စီးတီးရယ် မန်ယူရယ် ချယ်လ်ဆီး ရယ် လီဗာပူးလ်ရယ် အပြိုင်လိုက်ကြတယ်။ ကစားသမားက သူ ငယ်ငယ်ကတည်းက အားပေးခဲ့ဖူးတဲ့ မန်ယူအသင်းဆီ ပြောင်းရွှေ့ချင်တယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ ဒါပေမယ့် သူ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တာက မနှစ်ကတည်းက သူ့ကို ခေါ်ယူဖို့ အပီအပြင် ကြိုးစားခဲ့တဲ့ ချယ်လ်ဆီးပဲ ဖြစ်ပါတယ်။
Photo Credit: TEAMtalk
တကယ်တော့ အိုလီဆေး ဟာ မနှစ်ကတည်းက ချယ်လ်ဆီး ကစားသမား ဖြစ်သွားရမယ့်သူပါ။ ဒါပေမယ့် မဖြစ်လာခဲ့တာကလည်း သူရဲ့ဆုံးဖြတ်ချက်ကြောင့်လို့ ဆိုရပါမယ်။ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ here we go အခြေအနေအထိတောင် ရောက်ပြီးသွားမှ စိတ်ပြောင်းပြီး ပဲလေ့စ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် ပဲလေ့စ်နဲ့လည်း သက်တမ်းတိုးလိုက်ပါသေးတယ်။ ဒါက ဘာပေ ရီးယဲလ် ပီအက်စ်ဂျီတို့ရဲ့ အပြောင်းအရွှေ့နဲ့တောင် ခပ်ဆင်ဆင်လို့ ဆိုနိုင်ပါမယ်။ ဒါပေမယ့်လည်း နောက်ဆုံးတော့ ဘာပေက ရီးယဲလ် ရောက်သွားသလို အိုလီဆေးလည်း ချယ်လ်ဆီးကို ရောက်ပါတော့မယ်။
Photo Credit: CaughtOffside
ဖာဘရီဇီယို ရိုမာနိုတို့ ဒေးဗစ် အွန်စတိန်းတို့လို ယုံကြည်ရတဲ့ ဘောလုံးသတင်းထောက်တွေဆီက ထွက်လာတဲ့ သတင်းမျိုး မဟုတ်ပေမယ့်လည်း သတင်းမီဒီယာ အများစုမှာတော့ ချယ်လ်ဆီးက အိုလီဆေးကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရသွားခဲ့ပြီလို့ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။ ဆိုတော့ အပြောင်းအရွှေ့ အထမြောက်ဖို့က ချယ်လ်ဆီးနဲ့ ပဲလေ့စ်အသင်းတို့ကြား အိုလီဆေးရဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီဖို့သာ လိုအပ်ပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ချယ်လ်ဆီးက အိုလီဆေးအတွက် သုံးရမယ့် ပြောင်းရွှေ့ကြေး ပိုများသွားပြီ ဖြစ်ပေမယ့်လည်း ချယ်လ်ဆီးက ဒီတစ်ခါတော့ အိုလီဆေးကို အရ ခေါ်ယူမှာ သေချာနေပါတယ်။
Photo Credit: Football Transfer
ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ချယ်လ်ဆီးကို မပြောင်းလိုက်ပဲ ပဲလေ့စ်မှာ ဆက်နေခဲ့တဲ့ အိုလီဆေး က အဲ့ဒီတစ်ရာသီတည်းမှာ ပရီးမီးယားလိဂ် (၁၉)ပွဲသာ ကစားခွင့်ရခဲ့ပေမယ့် (၁၀)ဂိုးအထိ သွင်းယူပြီး (၆)ဂိုးအထိလည်း ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့အထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေက အာရုံပြန်စိုက်လာခဲ့တာ ဖြစ်ပေမယ့် အခုကတော့ ချယ်လ်ဆီး အသင်းဆီ ရောက်ရှိဖို့က ရာခိုင်နှုန်း များသွားခဲ့ပြီ ဖြစ်ပါတယ်။
Featured Photo: Youtube