ပီတာချက်က နည်းပြ သောမတ်စ် တူချယ် ချဲလ်ဆီး အသင်းမှာ ရာသီကုန်အထိဆက်ရှိနေဖို့ အာမခံချက်မပေးခဲ့ပေမယ့် နည်းပြ တူချယ် ကတော့ သူ့အနေနဲ့ အနည်းဆုံး ယခုရာသီကုန်အထိအသင်းမှာ ဆက်ရှိသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီး တူချယ်

Photo : All Football

ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီးနောက် စတန်းဖို့ဒ်ဘရစ်ချ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မငြိမ်မသက်မှုတွေကြောင့် ဂျာမန်သားရဲ့ အနာဂတ်ဟာ မရေမရာမသေချာ ဖြစ်လာခဲ့ရတာပါ။

Sportsmail ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တူချယ် ကို အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် နည်းပြ တူချယ်ဟာ ချဲလ်ဆီးအသင်းနဲ့ လာမယ့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေမလားဆိုတာနဲ့ ပတ်သတ်လို့ မေးမြန်းခဲ့ရာမှာတော့ တူချယ်က ” ကျွန်တော် ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေဖို့ဆိုတာ သေချာပါတယ်” လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီး တူချယ်

Photo : Sky Sports

နည်းပြ တူချယ် ရဲ့ အတည်ပြုပြောကြားခဲ့မှု မတိုင်ခင် အသင်းရဲ့ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေး ပီတာချက်က ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့အရေးယူမှုအပြီး ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကြောင့် ရာသီကုန်အထိ ဆက်ရှိနေမလားဆိုတာနဲ့ ပတ်သတ်ပြီး  ချဲလ်ဆီး ပရိသတ်တွေကို အာမခံချက်ပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်ပြောခဲ့သလိုပါပဲ အသင်းအနေနဲ့ တစ်ရက်ချင်းစီ ကျော်ဖြတ်နေရတယ်ဆိုတာကို ကျွန်တော်တို့ ဝန်ခံရပါမယ် ၊ ဘာလို့လဲဆိုတော့ အခြေအနေတွေက ကျွန်တော်တို့ လက်ထဲမှာ မဟုတ်လို့ပါ ၊ ရာသီကုန်အထိ အသင်းကို လည်ပတ်နိုင်အောင် ကျွန်တော်တို့ ဆွေးနွေးနေပါတယ်”

“ဒါဟာ ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ပြီး ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲတွေထဲက တစ်ခုလည်းဖြစ်တာကြောင့် ရာသီကုန်အထိ ဆက်သွားနိုင်ဖို့ ပရီးမီးယားလိဂ်က ကျွန်တော်တို့ကို ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Featured Photo : Daily Mail