အာဆင်နယ်ကတော့ မနေ့ညကပဲ မန်ယူကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး ဖလားတစ်လုံးကို စောစောစီးစီး လက်လွတ်လိုက်ရပါတယ်။ မိနစ်(၆၀)နောက်ပိုင်းကနေ ဒုတိယပိုင်းပြီးချိန်အထိရော အချိန်ပို နာရီဝက်အထိပါ ကစားသမား အသာနဲ့ ကစားခဲ့ရသည့်တိုင် အာဆင်နယ်က မန်ယူခံစစ်ကို ကြိမ်ဖန်များစွာ ထိုးဖောက်ရင်း အဆုံးသတ်ပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိခဲ့ရာကနေ ဂိုးမရဘဲ နောက်ဆုံး ပင်နယ်တီနဲ့ ပြုတ်သွားခဲ့ပါတယ်။ ဒီပွဲကနေ လုံးဝ သိလိုက်ရတာက အာဆင်နယ်တို့ တိုက်စစ်မှူး တစ်ဦး လိုကိုလိုနေပြီ ဆိုတာပါပဲ။

အီဆက်ခ်

Photo : CaughtOffside

အာဆင်နယ် အမှန်တကယ် အခေါ်ယူချင်ဆုံး တိုက်စစ်ကစားသမားက အီဆက်ခ်ပါ။ လက်ရှိမှာလည်း နယူးကာဆယ်အတွက် ဂိုးတွေမြူးနေတဲ့ ဆွီဒင် တိုက်စစ်မှူး က အာဆင်နယ် အပါအဝင် ချယ်လ်ဆီး ဘာစီလိုနာတို့လည်း အလိုရှိနေတဲ့သူပါ။ ခက်တာက အီဆက်ခ်ဟာ နယူးကာဆယ်ရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်နေတဲ့အပြင် ဒီလို ဆောင်းဈေးကွက်မှာပဲ ခေါ်ယူဖို့ မဖြစ်နိုင်တဲ့သူမို့ တကယ် ခေါ်ချင်ရင်တောင် နွေမှသာ ကြိုးပမ်းရနိုင်ပါတယ်။

ဗလာဟိုဗစ်

Photo : Football Italia

ဒီဆားဘီးယားသားက အာဆင်နယ်ရဲ့ ပစ်မှတ်ဟောင်းပါ။ ဖီအိုရင်တီးနားကနေ ဂျုဗင်တပ်စ်ဆီ မပြောင်းခင်မှာ အာဆင်နယ်ကို ရောက်ဖို့ နီးစပ်ခဲ့ပါသေးတယ်။ အခုတော့ ဒီကစားသမားရဲ့ အနာဂတ်က ပြန်ပြီး လှုပ်ခတ်လာနေလို့ အာဆင်နယ်နဲ့ သတင်းတွေပါ ပြန်ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်ကလည်း ဗလာဟိုဗစ်ကို လက်လွတ်ဖို့အတွက် သူ့နေရာမှာ အစားထိုးမယ့် ကစားသမားက အလျင်စလို လိုအပ်နေတာမို့ အာဆင်နယ်က ဗလာဟိုဗစ်ကို ရဖို့လည်း ခက်ခဲနိုင်ပါတယ်။

မူအာနီ

Photo : Transfermarket

အီဆက်ခ်တို့ ဗလာဟိုဗစ်တို့ မရခဲ့ရင် ဒီဈေးကွက်မှာ ပီအက်စ်ဂျီကနေ သေချာပေါက် ထွက်ခွာရနိုင်တဲ့ မူအာနီကို ကြိုးပမ်းလာနိုင်ပါတယ်။ လက်ရှိမှာ ဒီကစားသမားကို အငှားခေါ်ယူချင်တဲ့ အသင်းတွေ အငှားအပြင် အပြီးသတ် ခေါ်ယူမှုနဲ့ပါ ခေါ်ယူချင်နေတဲ့ အသင်းတွေက အများကြီး ရှိနေတာမို့ တော်တော်လေးတော့ အပြိုင်အဆိုင် ကမ်းလှမ်းရနိုင်ပါတယ်။ နောက်ပြီး အာဆင်နယ် ဆိုတာက ပြင်သစ်ကစားသမားတွေနဲ့ အကျိုးပေးတက်တာမို့ မူအာနီလို ပြင်သစ် တိုက်စစ်ကစားသမားကို အနိမ့်ဆုံး အငှားနဲ့ ကမ်းလှမ်းနိုင်ပါတယ်။

အမ်ဘူမို

Photo : The New York Times

အာဆင်နယ်နဲ့ မကြာခဏ သတင်းထွက်နေတဲ့ ကစားသမားပါ။ ဘရန့်ဖို့ဒ်မှာ အိုင်ဗန် တိုနေး ပွဲပယ်ခံနေချိန်ကတည်းက ဘရန့်ဖို့ဒ်တိုက်စစ်အတွက် အားထားရသူ ဖြစ်သလို တိုနေး အသင်းပြောင်းသွားချိန်မှာလည်း အမ်ဘူမိုကပဲ ဝစ်ဆာနဲ့အတူ ဘရန့်ဖို့ဒ်အတွက် ဂိုးတွေ ပုံမှန် သွင်းယူပေးနေပါတယ်။ အမ်ဘူမိုရဲ့ ပြောင်းရွှေ့ကြေးက အီဆက်ခ် ဗလာဟိုဗစ်တို့လောက် များပြားနေမှာ မဟုတ်ပေမယ့် ဘရန့်ဖို့ဒ်ကလည်း အမ်ဘူမိုနေရာအတွက် အစားထိုးမယ့် ကစားသမား မရှိဘဲ လက်လွတ်မယ်လို့ မထင်ပါဘူး။

ရပ်ရှ်ဖို့ဒ်


Photo : CaughtOffside

အပေါ်က တိုက်စစ်ကစားသမားတွေ မခေါ်နိုင်ဘူးဆိုရင် ပြိုင်ဘက်ဟောင်းကြီး မန်ယူက ရပ်ရှ်ဖို့ဒ်ကို ခေါ်လိုက်တာကလည်း အာဆင်နယ်အတွက် တိုက်စစ်အဖြေတစ်ခု ဖြစ်သွားနိုင်ပါတယ်။ မန်ယူမှာ ပွဲကစားခွင့်တောင် မရတော့တဲ့ Rashy ကို မီလန် ဂျှုဗင်တပ်စ် နာပိုလီနဲ့ ဘာစီလိုနာတို့က အငှားနဲ့ ခေါ်ယူချင်နေသလို အာဆင်နယ်လည်း ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားကို အငှားနဲ့ ဆွဲစိလိုက်မယ် ဆိုရင်တော့ဖြင့် အကျိုးထူးသွားနိုင်မလား သောက်ကျိုးနည်းသွားမလားဆိုတာ နည်းနည်းတော့ စွန့်စားရကြနိုင်ပါတယ်။

Featured Photo : Barca Universal