ရေချယ် ရွိုင်လီဆိုသူ အသက် (၃၇)နှစ်အရွယ် တီဗီ အစီအစဉ် တင်ဆက်သူ နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို အချိန်အကြာကြီး အားပေးလာခဲ့သူ အမျိုးသမီးက မေဆန် ဂရင်းဝုဒ်သာ ယူနိုက်တက်အသင်းနဲ့ ပြန်လည် ပူးပေါင်းရမယ်ဆိုရင် သူ ယူနိုက်တက်ကို လုံးဝ အားမပေးတော့ဘူးဆိုပြီး သူမရဲ့ တွစ်တာကနေ ဖော်ပြလိုက်ပါတယ်။

Greenwood

Photo Credit : Football365

အတူနေ ချစ်သူ မိန်းကလေးကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး အပြစ်မရှိကြောင်း အမိန့်ချမှတ်ကာ လွတ်မြောက်လာခဲ့တဲ့ ဂရင်းဝုဒ်က လက်ရှိအချိန်ထိ ယူနိုက်တက်အသင်းနဲ့ ပြန်လည် ပူးပေါင်းရသေးခြင်း မရှိပဲ ဖြစ်နေပါတယ်။ တကယ်တော့ အသင်းဘက်က ဒီရက်ပိုင်းထဲမှာပဲ ဂရင်းဝုဒ် ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ လုပ်ဆောင်ထားပေမယ့်လည်း ဖြစ်ချင်တော့ ယူနိုက်တက် နဲ့ ဝုလ်ဗ်ပွဲ မကစားခင် အိုးထရက်ဖို့ဒ်ကွင်း အရှေ့မှာ ယူနိုက်တက် ပရိသတ်တချို့က ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး အသင်းထံ ဆန္ဒပြမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

manutd fan

Photo Credit : The Guardian

ဒီလို ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ဆန့်ကျင်နေတဲ့ အထဲမှာ ဗြိတိန် ရုပ်သံ Channel 4 ရဲ့ နာမည်ကျော် အစီအစဉ် တင်ဆက်သူ ရွိုင်လီလည်း ပါဝင်နေပြီး သူမက သူမလို ယူနိုက်တက်ကို အားပေးနေတဲ့ အမ်းဆိုသူရဲ့ ပြောဆိုချက်အတိုင်း သူလည်း အသင်းက ဂရင်းဝုဒ် ကို ပြန်ကစားခွင့်ပြုလိုက်မယ်ဆိုရင် ယူနိုက်တက်ကို လုံးဝ အားပေးသွားတော့မှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောဆိုခဲ့ပါတယ်။ “ကျွန်မ အမ်းနဲ့အတူတူပါပဲ။ ဂရင်းဝုဒ်သာ ယူနိုက်တက်ဆီ ပြန်လာနိုင်ခဲ့ရင် ကျွန်မ ယူနိုက်တက်ကို အားမပေးတော့ပါဘူး။ ကျွန်မတို့ အားလုံး မြင်ပြီးကြားပြီးခဲ့ပါပြီ။ ဒါကို ဘာမှမဖြစ်သလို ဟန်ဆောင်နေပေးဖို့ဆိုတာ ပြဿနာရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေလိမ့်မယ်။”

Rachel Riley

Photo Credit : The Sun

“အသင်းအနေနဲ့ ဒါကို လစ်လျူရှုထားပြီး ပြစ်မူ ကျူးလွန်သူတွေကို ဘာအကျိုးဆက်မှ မခံစားရပဲ သင်တို့ ဆန္ဒရှိတဲ့အတိုင်း ဆက်လက် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ message မျိုး ပေးသလို ဖြစ်လာမယ်ဆိုရင်တော့ ကျွန်မ တကယ် စိတ်ပျက်မိမှာ။ အသင်းတာဝန်ရှိသူတွေအနေနဲ့ မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်” လို့ ဖွင့်ဟထားခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက် အမှူဆောင်ချုပ် ရတ်ချက် အာနိုး နဲ့ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်တို့ကတော့ သူတို့ ကစားသမား ဂရင်းဝုဒ်ကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ချင်နေပြီး အမျိုးသမီး ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲ အပြီးလောက်မှသာ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်သွားဖွယ် ရှိနေပါတယ်။

Featured Photo : talkSPORT