အာဆင်နယ် အသင်းဟာ ၂၀၂၃/၂၀၂၄ ဘောလုံး ရာသီအပြီးမှာ ဘရာဇီး နောက်ခံလူ ဂါဘရီရယ် ကို စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့ စီစဉ်လျက်ရှိပါတယ်။ The Standard သတင်းရဲ့ ဖော်ပြချက်အရတော့ ဂန်းနားတို့ဟာ အမ်းမရိတ်စ်မှာ စာချုပ်သစ်ချုပ်ဆိုဖို့ ဂါဘရီရယ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Gabriel

Photo : MSN

ဘရာဇီး ခံစစ်မှူးရဲ့ လက်ရှိစာချုပ်ဟာ လာမယ့် ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ လက်ရှိ ရာသီတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်ရည် ပြသထားနိုင်ခဲ့တာကြောင့် စာချုပ်သစ်ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့တာပါ။

ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ နွေရာသီက အမ်းမရိတ်မှာ တောက်ပနေတဲ့ ပြင်သစ်ကြယ် ဝီလျံဆာလီဘာကို စာချုပ်သစ်ချုပ်ဆိုခဲ့သလို လာမယ့် လပိုင်းအတွင်းမှာတော့ ခံစစ်မှူး ဂါဘရီရယ် ကိုပါ အလားတူ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒီရာသီ ဂန်းနားတို့ရဲ့ ကောင်းမွန်တဲ့ပုံစံကို ထိန်းထားရာမှာ နောက်ခံလူ ဂါဘရီရယ် ရဲ့ စွမ်းဆောင်ရည် ဟာ အဓိက အရေးပါတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နေပါတယ်။

လက်ရှိအချိန်မှာတော့ ဘရာဇီးသားနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး အသင်းတာဝန်ရှိသူတွေက နောက်ခံလူကို မြောက်လန်ဒန်မှာပဲ ဆက်လက်နေထိုင်ဖို့ကို မျှော်လင့်ထားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Arsenal

Photo : Goal.com

ဂါဘရီရယ် အနေနဲ့လည်း အမ်းမရိတ်စ်မှာပဲ ဆက်လက်နေသွားဖွယ်ရှိနေပြီး နည်းပြ အာတီတာရဲ့ အနာဂတ် အစီအစဉ်တွေမှာ အဓိကအရေးပါတဲ့ အစိတ်အပိုင်းအဖြစ်ဆက် ရှိနေမှာ ဖြစ်ပါတယ်။ ဂါဘရီရယ်ဟာ ဒီရာသီ အင်္ဂလိပ်ဘောလုံးလောကမှာ အကောင်းဆုံး ခံစစ်မှတ်တမ်းကို အာဆင်နယ်အသင်းနဲ့အတူ ရရှိထားပြီး နည်းပြအာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဒီနှစ်ရာသီ တစ်လျှောက်လုံးမှာ ပေးဂိုး၂၆ ဂိုးသာ ခွင့်ပြုထားရတာပဲ ဖြစ်ပါတယ်။

Featured Photo : Goal.com