လူငယ်တွေကြားမှာ ဇာတ်လမ်းသွားနဲ့ ဆော့ရတဲ့ Story Game တွေက အရမ်းကို ရေပန်းစားပါတယ်။ Story Game တွေဟာ ကစားတဲ့ Player ကိုယ်တိုင်ဂိမ်းထဲဝင်ရောက်ပြီး ဇာတ်ကောင်နေရာကနေ ဆော့ကစားရသလို ခံစားရတဲ့အတွက် တခြားဂိမ်းတွေထက်စာရင် သက်ဝင်ခံစားမှု ပိုရှိပါတယ်။ နောက်ပြီး ဂိမ်းတစ်ခုထဲမှာတင် မတူညီတဲ့ ဆော့နည်းပုံစံတွေ ၊ စဉ်းစားအဖြေရှာရတဲ့ ပဟေဠိဆန်ဆန် လှည့်ကွက်တွေ ၊ စွန့်စားခန်းတွေ များစွာပါဝင်တာကြောင့် ဆော့ကစားသူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ခံစားမှုရသအစုံကို ပေးစွမ်းနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂိမ်းချစ်သူ ကွီးတို့ အကြိုက်တွေ့စေမယ့် စိတ်ဝင်စားဖို့ အကောင်းဆုံး Story Game ၅ ခု ကိုတင်ဆက်ပေးချင်ပါတယ်။

(၁) The Last Of Us

Source : PlayStation

The Last Of Us ဂိမ်းဟာ ၂၀၁၃ ခုနှစ်က Sony Computer Entertainment ကနေ ထုတ်လိုက်တဲ့ အက်ရှင်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Joel နဲ့ Ellie ဆိုတဲ့ ဇာတ်ကောင်နှစ်ခု ပါဝင်ပြီး ကစားတဲ့ Player ဟာ ဇာတ်ကောင် Joel နေရာကနေ ဆော့ကစားရမှာ ဖြစ်ပါတယ်။ Joel နဲ့ Ellie တို့ဟာ ကပ်ရောဂါဘေးကနေ လွတ်မြောက်လာသူတွေအဖြစ် ဇာတ်လမ်းတည်ထားပါတယ်။ သူတို့လိုပဲ အသက်ရှင်ကျန်ရစ်သူတွေကို ကပ်ရောဂါကူးစက်မှုဘေးကနေ လိုက်လံကယ်တင်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ အကောင်းဆုံး Story Game တွေထဲက တစ်ခု ဖြစ်ပြီး PS 3 နဲ့ PS 4 တွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။

(၂) Her Story

Source : Her Story Video Game

Her Story ဂိမ်းဟာ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ စွန့်စားခန်း ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းကို ဗြိတိန် ဗီဒီယိုဂိမ်းရေးဆွဲသူ Sam Barlow က ဖန်တီး ထုတ်လုပ်ခဲ့တာပါ။ ဒီဂိမ်းဟာ ပျောက်ဆုံးနေတဲ့ လူရဲ့ တည်နေရာကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ကစားတဲ့ Player ဟာ ဗီဒီယိုကလစ်တွေကနေ တဆင့် သဲလွန်စတွေကို စုဆောင်းသွားရမှာပါ။ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းပြီး သဲလွန်စတွေနဲ့ ခေါင်းစားရတဲ့ လျို့ဝှက်သဲဖို ဂိမ်းတွေကြိုက်သူတွေအတွက် အကောင်းဆုံး Story Game တစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကို Microsoft Windows ၊ iOS ၊ macOS ၊ Android နဲ့ Classic macOS တွေမှာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၃) Red Dead Redemption 2

Source : Rockstar Games

၂၀၁၈ ခုနှစ်ကထွက်ခဲ့တဲ့ Red Dead Redemption 2 ဂိမ်းဟာလည်း အကောင်းဆုံး Story Game တစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကို အမေရိကန် နာမည်ကြီး ဗီဒီယိုဂိမ်းကုမ္ပဏီ Rockstar Games က ဖန်တီးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အက်ရှင်စွန့်စားခန်း ဂိမ်းအမျိုးအစားဖြစ်ပြီး Arthur Morgan ဇာတ်ကောင်နေရာကနေ ဆော့ကစားရမှာ ဖြစ်ပါတယ်။ Arthur Morgan ဟာ ဂိုဏ်းအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အပစ်အခတ် အသတ်ပုတ်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ဆော့ရမယ့် အကောင်းဆုံး အက်ရှင်စွန့်စားခန်း ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကို Google Stadia ၊ PS 4 ၊ Microsoft Windows နဲ့ Xbox One တွေမှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

(၄) Detroit: Become Human

Source : PlayStation

Detroit ဂိမ်းဟာ ၂၀၁၈ ခုနှစ်ကထွက်ခဲ့တဲ့ စွန့်စားခန်းဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းကို Sony Interactive Entertainment နဲ့ Quantic Dream ဗီဒီယိုဂိမ်းကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Conner ၊ Kara နဲ့ Markus လို့ခေါ်တဲ့ လူသားစက်ရုပ်တွေ ပါဝင်ပါတယ်။ သူတို့တစ်ယောက်စီမှာ မတူညီတဲ့လုပ်ဆောင်ချက်တွေ ရှိပါတယ်။ ဒီဂိမ်းဟာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Gamespot ရဲ့ အကောင်းဆုံး E3 ဆု ၊ Famitsu ဆု ၊ Japan Game ဆုများစွာ ရရှိခဲ့ပါတယ်။ Detroit: Become Human ဂိမ်းကို PS 4 နဲ့ Microsoft Windows မှာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၅) The Walking Dead

Source : GameSpot

The Walking Dead ဂိမ်းဟာ ၂၀၁၂ ခုနှစ်က Skybound Entertainment ကနေထုတ်လုပ်ခဲ့တဲ့ ဇာတ်လမ်းသွား ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းဟာ နာမည်တူ Comic စီးရီးကို အခြေခံပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Zombie တွေနဲ့ ဂိမ်းဇာတ်အိမ်ကို တည်ထားပြီး ထိတ်လန့်ခြောက်ခြားဖွယ် ခံစားမှုရသအစုံနဲ့ ဆော့ကစားရမယ့် အကောင်းဆုံး Story Game တစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းကို macOS ၊ Microsoft Windows ၊ Xbox One ၊ Playstation Vita နဲ့တခြား ဂိမ်းပလက်ဖောင်းတွေမှာ ဆော့စားနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Siachen Studios