နည်းပညာ တိုးတက်လာမှုနဲ့အတူ အွန်လိုင်း ဂိမ်းတွေရဲ့ အခန်းကဏ္ဍကလည်း တစ်စထက်တစ်စ ပိုမိုကြီးထွားလာနေပြီး လူတွေရဲ့ နေ့စဉ်ဘဝထဲက မရှိမဖြစ်တဲ့ ဖျော်ဖြေရေး ကဏ္ဍတစ်ခု ဖြစ်လာနေပါတယ်။ အွန်လိုင်း ဂိမ်းတွေ ကစားတာက စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အာရုံစူးစိုက်မှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေ တိုးတက်စေတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ နောက်ထပ် အွန်လိုင်းဂိမ်းတွေရဲ့ အားသာချက်က အင်တာနက်ရှိရုံနဲ့ အချိန်မရွေး နေရာမရွေး ကစားနိုင်တာ ဖြစ်ပါတယ်။ ဆယ်ကျော်သက် လူငယ်တွေကစလို့ လူကြီးတွေအထိ ဆော့ကစားနိုင်တဲ့ ဂိမ်း အမျိုးအစားတွေလည်း များစွာရှိပြီး Brain Games ၊ Puzzles ၊ Racing Games နဲ့ War Games စသဖြင့် ကြိုက်နှစ်သက်ရာ ဂိမ်းအမျိုးအစားတွေကို ရွေးချယ်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ နာမည်ကြီး ဂိမ်းတွေများစွာရှိတဲ့ အထဲကမှ ကမ္ဘာပေါ်က Download လုပ်မှု အများဆုံး မိုဘိုင်းဂိမ်း ၅ ခုအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Pokemon Go


Photo : NotebookCheck.net

၂၀၁၆ ခုနှစ်လောက်တုန်းက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများရဲ့ လမ်းမတွေပေါ်မှာ လူအုပ်ကြီးတွေနဲ့ အုတ်အော်သောင်း တင်း ဖြစ်စေခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Pokemon Go ဂိမ်းက Niantic ၊ Nintendo နဲ့ Pokemon Company တို့ ပူးပေါင်း ဖန်တီးလိုက်တဲ့ Augmented Reality (AR) ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာလည်း တော်တော်လေးကို ပေါက်ခဲ့ပြီး လူကြီးလူငယ်မရွေး စိတ်ဝင်တစား ဆော့ကစားခဲ့ကြတဲ့ မိုဘိုင်းဂိမ်းတစ်ခု ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စထွက်ခဲ့ပြီး ဝင်ငွေအများဆုံး ရရှိလာတဲ့ မိုဘိုင်းဂိမ်းတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဂိမ်းထုတ်ပြီး ပထမအပတ် အတွင်းမှာတင် Google Play နဲ့ App Store တွေရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာတဲ့ ပထမဆုံးဂိမ်းတစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း စံချိန်တင် Download လုပ်မှု အများဆုံး မိုဘိုင်းဂိမ်း တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

(၂) Garena Free Fire


Photo : Dexerto

Free Fire ဂိမ်းကတော့ 111dots Studio က ဖန်တီးပြီး စင်္ကာပူအခြေစိုက် ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Garena ကနေ ဖြန့်ချီလိုက်တဲ့ Battle Royal ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်လောက် စတင်ထုတ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ ကမ္ဘာတစ်ဝှမ်း Download လုပ်မှု အများဆုံး ဂိမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ စစ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ကမ္ဘာတစ်ဝှမ်း Free Fire ဂိမ်းကို နေ့စဉ်ကစားသူပေါင်း သန်း ၁၅၀ ကျော်ရှိခဲ့ပြီး ကစားတဲ့ Players အများဆုံး ဂိမ်းတစ်ခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။ လက်ရှိမှာ ပိုမိုကောင်းမွန်တဲ့ Graphics တွေနဲ့ အလန်းဆုံး Gaming Experience တွေကို ပေးစွမ်းနိုင်တဲ့ လူကြိုက်အများဆုံး ဂိမ်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

(၃) PUBG Mobile

Photo : TelecomLead

PUBG Mobile ကတော့ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသား ဂိမ်းတစ်ခု ဖြစ်မယ်ထင်ပါတယ်။ Lightspeed နဲ့ Quantum Studio ကနေ ဖန်တီးလိုက်တဲ့ Battle Royal Battle Royal ဂိမ်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က စထွက်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း လူငယ်တွေကြားမှာ အရမ်းကို စိတ်ဝင်စားမှုရရှိခဲ့တဲ့အပြင် Download လုပ်မှု အများဆုံး ဂိမ်းတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်လအထိ တစ်နှစ်တာဝင်ငွေ အများဆုံးဂိမ်း တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

(၄) Subway Surfers

Photo : Sensor Tower

မိုဘိုင်းဂိမ်း ကစားသူတွေကြားမှာ ဘယ်တော့မှ ရိုးမသွားတဲ့ ဂိမ်းကိုပြောပါဆိုရင် Subway Surfers ကိုပဲညွှန်းရမှာ ဖြစ်ပါတယ်။ Subway Surfers ဂိမ်းက ဒိန်းမတ်အခြေစိုက် ပုဂ္ဂလိက ကုမ္ပဏီတွေဖြစ်တဲ့ Kiloo နဲ့ SYBO Games တို့ကနေ ၂၀၁၂ ခုနှစ်လောက်က ပူးပေါင်းဖန်တီးလိုက်တဲ့ Endless Runner Mobile Game အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ဆော့ကစားချင်သူတွေအတွက် အထူးသင့်တော်ပြီး ပျော်စရာကောင်းသလို စိတ်အပန်းလည်းပြေစေတဲ့ အကောင်းဆုံး ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Android ၊ iOS အပြင် Microsoft Windows ၊ Mac Os နဲ့ Fire OS တွေမှာပါ ဆော့ကစားနိုင်တဲ့ ကမ္ဘာတစ်ဝှမ်း Download လုပ်မှု အများဆုံး ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၅) Candy Crush Saga


Photo : The Verge

Candy Crush Saga ကတော့ ဒီနေ့အထိ လူကြိုက်များနေဆဲဖြစ်တဲ့ Puzzle Game တစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းကို ဗီဒီယိုဂိမ်း ကုမ္ပဏီ King ကနေ ၂၀၁၂ ခုနှစ်က စတင်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ Puzzle Games တွေကို ကြိုက်နှစ်သက်ပြီး ပဟေဠိတွေကို ဖြေရှင်းရတာ ကြိုက်သူတွေကြားမှာတော့ အရမ်းကို ရေပန်းစားတဲ့ ဂိမ်းတစ်ခုဖြစ်သလို ကမ္ဘာတစ်ဝှမ်း Download လုပ်မှု အများဆုံး ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

Featured Photo : GameNGadgets