ဒီနှစ်ဘောလုံးရာသီ ဥရောပ ထိပ်တန်း အမှတ်ပေးလိဂ်ပြိုင်ပွဲတွေအတွင်း ဟယ်ရီ ကိန်း ၊ အာလင်း ဟာလန်း ၊ ရောဘတ် လီဝန်ဒေါစကီး ၊ ကီလီယန် အမ်ဘာပေ အစရှိတဲ့ တိုက်စစ် ကစားသမားတွေထက် ဂိုးပါဝင်ပတ်သက်မှုတွေ များစွာ လုပ်ဆောင်ထားနိုင်တဲ့ ကစားသမားတစ်ဦး ရှိနေပါတယ်။ ဒီကစားသမားကတော့ ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်အသင်းရဲ့ တိုက်စစ်မှူး ဂွီယာဆီ ဖြစ်ပါတယ်။
Photo Credit : Sky Sports
ဟယ်ရီကိန်းလို အင်္ဂလန်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးပါ ရောက်ရှိလာတဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ကိန်းကိုတောင် ကျော်ဖြတ်ပြီး ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားက ဂွီယာဆီပါ။ ကိန်းက ဘိုင်ယန်မှာ ဘွန်ဒက်စ်လီဂါဂိုး (၇)ဂိုးအထိတောင် သွင်းယူထားပေမယ့် ဂွီယာဆီက ကိန်းထက်တောင် ဂိုးသွင်းအား ပိုကြမ်းလွန်းနေပြီး (၁၀)ဂိုးအထိ သွင်းယူထားပါတယ်။ ပြင်သစ်နိုင်ငံမှာ မွေးဖွားပြီး ဂီနီလက်ရွေးစင်အသင်းကို ကိုယ်စားပြုထားတဲ့ တိုက်စစ်မှူး ဂွီယာဆီက ဒီနွေမှ စတုဂတ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့လိုပဲ ကစားသမားသစ်ဖြစ်တဲ့ ဟယ်ရီကိန်းထက်ပင် ဂျာမန်မြေမှာ လက်စောင်းထက်နေပါတယ်။
Photo Credit : Bundesliga
တကယ်တော့ ကစားသမားဘဝကို ပြင်သစ်မြေမှာ စတင်ခဲ့ရတဲ့ ဂွီယာဆီဟာ ၂၀၁၆ခုနှစ်လောက်ကတည်းက ဂျာမနီမှာ ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့ဖူးပြီး ကိုလုံးအသင်းမှာ ပါဝင်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဂွီယာဆီအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ရန်းစ်ကနေ စတုဂတ်အသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ လာရောက် ကစားခဲ့ရင်း ဒီနွေမှပဲ အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက စတုဂတ်အတွက် ဘွန်ဒက်စ်လီဂါ (၂၂)ပွဲကစား (၁၁)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂွီယာဆီက အခုဆို (၅)ပွဲသာ ကစားထားရချိန် သူရဲ့ ဘွန်ဒက်စ်လီဂါသွင်းဂိုးက (၁၀)ဂိုးအထိကို ရှိနေပါတယ်။
Photo Credit : Forbes
ဒါကြောင့် ဒီနှစ်ဘောလုံးရာသီ ဥရောပ ထိပ်သီး အမှတ်ပေးလိဂ်ပြိုင်ပွဲတွေအတွင်း ဂိုးပါဝင်ပတ်သက်မှု အများဆုံး လုပ်ဆောင်ထားနိုင်တဲ့ ကစားသမားစာရင်းမှာ ဂွီယာဆီက သွင်းဂိုး (၁၀)ဂိုး ဂိုးဖန်တီးမှု (၁)ကြိမ်နဲ့ စုစုပေါင်း (၁၁)ဂိုး ပတ်သက်ထားခဲ့ပြီး သူရဲ့နောက်မှာတော့ ဟယ်ရီကိန်းက သွင်းဂိုး (၇)ဂိုး ဂိုးဖန်တီးမှု (၃)ကြိမ် စုစုပေါင်း (၁၀)ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
Featured Photo : Transfermarket