ဖက်ရှင်ဆိုတာ ကာလံဒေသံပေါ်လိုက်ပြီး ပြောင်းလဲဝတ်ဆင်ရတဲ့ သဘောရှိပါတယ်။ ကိုယ်သွားမယ့် နေရာဒေသ ၊ ပွဲအခမ်းအနားပေါ်မူတည်ပြီး ကိုက်ညီမှုရှိအောင် ရွေးချယ်ဝတ်ဆင်တက်မှလည်း ဖက်ရှင်ကျတဲ့ သူတစ်ယောက် ဖြစ်နိုင်မှာပါ။ ဒီတစ်ခါမှာတော့ အမျိုးသားတွေအတွက် မတူညီတဲ့ ဂီတဖျော်ဖြေပွဲ တွေအလိုက် ဝတ်ဆင်ရမယ့် ဖက်ရှင်ဒီဇိုင်း တွေကို မျှဝေပေးသွားချင်ပါတယ်။

(၁) ပေါ့ပ်ဂီတပွဲတွေ သွားတဲ့အခါ ဝတ်ဆင်သင့်တဲ့ ဖက်ရှင်ဒီဇိုင်း များ

Photo : The Trend Spotter

ပေါ့ပ်ဂီတဖျော်ဖြေပွဲတွေဟာ လွတ်လပ်ပေါ့ပါးမှုရှိတဲ့အတွက် သင့် စိတ်ကြိုက် ဖက်ရှင်ဒီဇိုင်း အမျိုးမျိုးကို အလိုရှိသလို ဝတ်ဆင်သွားနိုင်ပါတယ်။ ထူးခြားတဲ့ ဖက်ရှင်ပုံစံတွေ ၊ အရောင်အသွေးစုံတဲ့ ဖက်ရှင်တွေ ဒါမှမဟုတ် Dark Tones ဖက်ရှင်အရောင်တွေ စသည်ဖြင့် ရွေးချယ်ဝတ်ဆင်လို့ ရပါတယ်။ တစ်ခါတစ်ရံမှာ ရိုးရှင်းပြီး ပေါ့ပါးလွတ်လပ်မှုရှိတာဟာ သင့်ကိုဖက်ရှင်ကျစေတဲ့ အဓိကအချက်တစ်ခုဖြစ်တဲ့အတွက် သက်တောင့်သက်သာရှိတဲ့ T-shirt နဲ့ Jeans ဘောင်းဘီ ဖက်ရှင်စတိုင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။

(၂) Outdoor ဖျော်ဖြေပွဲတွေ သွားတဲ့အခါ ဝတ်ဆင်သင့်တဲ့ ဖက်ရှင်ဒီဇိုင်း များ

Photo : The Trend Spotter

Outdoor ဖျော်ဖြေပွဲတွေ သွားမယ်ဆိုရင်တော့ T-shirt သို့မဟုတ် Button-Down Shirt တွေကို သက်တောင့်သက်သာရှိတဲ့ Jeans ဘောင်းဘီ / Chinos ဘောင်းဘီတွေနဲ့ တွဲဖက်ဝတ်ဆင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ Outdoor ပွဲဖြစ်တဲ့ အတွက် ဖိနပ်တွေကိုတော့ အလွယ်တကူ ညစ်ပေနိုင်တဲ့ အဖြူရောင်နဲ့ အရောင်နုတဲ့ Shoes တွေကို ရှောင်ပါ။ ရာသီဥတုအေးချမ်းတဲ့ဆောင်းရာသီ Outdoor ပွဲတွေဆိုရင် ဂျက်ကတ်နဲ့ Jumper အင်္ကျီ တွေကို စတိုင်ကျကျ ဝတ်ဆင်သွားနိုင်ပါတယ်။

(၃) ရော့ခ်ဂီတပွဲတွေ သွားတဲ့အခါ ဝတ်ဆင်သင့်တဲ့ ဖက်ရှင်ဒီဇိုင်း များ

Photo : The Trend Spotter

ရော့ခ်ဂီတဖျော်ဖြေပွဲတွေ သွားမယ်ဆိုရင်တော့ အကောင်းဆုံး ဖက်ရှင်တစ်ခုက လည်သာဂျာကင်အင်္ကျီတွေပဲ ဖြစ်ပါတယ်။ အောက်ခံကို သင်အနှစ်သက်ဆုံး Band နာမည်ပါတဲ့ T-shirt တစ်ထည်နဲ့ Jeans ဘောင်းဘီကိုသာ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ပေါ့ပါးလွတ်လပ်တဲ့ စတိုင်ကို ကြိုက်တယ်ဆိုရင် အနက်ရောင် လည်သာဂျာကင် တွေအစား Jeans ဂျာကင်ကို ရွေးချယ်နိုင်ပါတယ်။ အထာကျကျနဲ့ ရော့ခ်ဆန်ဖို့ဆိုရင် အနက်ရောင်ဖက်ရှင်တွေက အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး အရောင်ကွဲထဲက ဝတ်ချင်တယ်ဆိုရင်တော့ အဖြူရောင် ဒါမှမဟုတ် အနီရောင် ဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်နိုင်ပါတယ်။ ဖိနပ်အတွက်ကတော့ Doc Marten နဲ့ Lace-Up Sneakers တွေက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။

(၄) ရက်ဂေးဂီတပွဲတွေ သွားတဲ့အခါ ဝတ်ဆင်သင့်တဲ့ ဖက်ရှင်ဒီဇိုင်း များ

Photo : The Trend Spotter

ရက်ဂေးဂီတပွဲတွေကတော့ အရောင်အသွေးစုံလင်တဲ့ ဖက်ရှင်ဒီဇိုင်း တွေနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ကာလာစုံ ၊ အရောင်စုံပေါင်းစပ်ဝတ်ဆင်ဖို့ လက်မတွန့်ပါနဲ့။ Jean ဂျက်ကတ် ၊ အရောင်ခပ်တောက်တောက် T-shirts တွေနဲ့ Neon ကာလာဖက်ရှင်တွေက ရက်ဂေးဂီတပွဲတွေအတွက် ပြီးပြည့်စုံတဲ့ စွမ်းအင်တွေကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ Jeans ဘောင်းဘီနဲ့ ဘောင်းဘီတို ဖက်ရှင်တွေ ဝတ်ဆင်ပြီး သွားလာရတာက သင့်ကို ပိုပြီးသက်တောင့်သက်သာရှိစေမှာ သေချာပါတယ်။ ရက်ဂေးဂီတပွဲဆိုတဲ့အတိုင်း လွတ်လပ်ပြီး အရောင်အသွေးစုံတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ခြင်းဖြင့် ချစ်ခြင်းမေတ္တာကို ခံစားလိုက်ပါ။

(၅) ဟစ်ဟော့ပ်နဲ့ ရက်ပ်ဂီတပွဲတွေ သွားတဲ့အခါ ဝတ်ဆင်သင့်တဲ့ ဖက်ရှင်ဒီဇိုင်း များ

Photo : The Trend Spotter

ဟစ်ဟော့ပ်ဂီတပွဲတွေကတော့ လူငယ်ဆန်မှု ၊ ဖက်ရှင်ကျမှု ၊ သက်တောင့်သက်သာရှိမှုတွေကို ပေါင်းစပ်ထားတဲ့ ဖက်ရှင်ဒီဇိုင်း တွေ အများဆုံး ဝတ်ဆင်လေ့ရှိ ကြပါတယ်။ ပွပွချောင်ချောင် T-shirts တွေ ၊ Hoodies တွေ ၊ ဘောင်းဘီတို ဖက်ရှင်တွေနဲ့ သက်တောင့်သက်သာရှိတဲ့ Sneakers အမိုက်စားတွေ ဝတ်ဆင်နိုင်ပါတယ်။ အရောင်အသွေး စုံလင်ပြီး ခေတ်ရေစီးကြောင်းနဲ့ကိုက်ညီတဲ့ ဖက်ရှင်တွေကို လွတ်လပ်ပေါ့ပါးစွာ ဝတ်ဆင်နိုင်တာ ဟစ်ဟော့ပ်နဲ့ ရက်ပ်ဂီတပွဲတွေရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

Featured Photo : DMARGE