ဂေါ်မစွံ တဲ့ လူပျိုကြီး ဘဝမှာ စိတ်ညစ်နေတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဆော်ကြည်ဘဲတစ်ယောက်ဖြစ်စေမယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။ တကယ်တော့ ဆော်ကြည်ဘဲတစ်ယောက်ဖြစ်အောင် ပြုလုပ်ရတာ လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ့်အတွက် စစ်မှန်တဲ့ ဘဝလက်တွဲဖော်တစ်ယောက် ရှာဖွေရတာသည်လည်း ပိုလို့တောင် ခက်ခဲနိုင်ပါသေးတယ်။
ဒါပေမဲ့ အခုဖော်ပြပေးမယ့် လျှို့ဝှက်ချက်များကို သိထားမယ်ဆိုရင်တော့ ဂေါ်မစွံ တဲ့ လူပျိုကြီး ဘဝကို အပြီးတိုင် နှုတ်ဆက်နိုင်ပြီး ကိုယ် နှစ်သက်တဲ့သူနဲ့လည်း လက်တွဲနိုင်မှာပဲဖြစ်ပါတယ်။
လူကြီးလူကောင်းဆန်ပါစေ
မိန်းကလေးတွေသည် လူကြီးလူကောင်းဆန်တတ်တဲ့ ယောကျာ်းလေးတွေကို သဘောကျနှစ်ခြိုက်ကြပါတယ်။ အရာရာမှာ သူတို့ကို ဦးစားပေးပြီး အလျော့ပေးတာမျိုးကို သဘောကျကြပါတယ်။ ကွီးတို့အနေနဲ့ ကိုယ် ကြိုက်နှစ်သက်တဲ့ ကိုယ့်ရဲ့ ခရက်ရှ် ကောင်မလေးနဲ့ တွေ့ဆုံပြီးသွားပြီဆိုရင်တော့ သူ(မ) အပေါ်မှာ လူကြီးလူကောင်းဆန်စွာနဲ့ ဆက်ဆံတတ်ဖို့ လိုအပ်ပါလိမ့်မယ်။
ဥပမာ – နှစ်ယောက်သား ချိန်းတွေ့ဖို့ သွားကြတဲ့အခါ ကိုယ့်ဘက်က စောရောက်နေတာမျိုး၊ ချိန်းတွေ့နေစဥ်မှာ သူ(မ)အပေါ် အာရုံစိုက်ပေးတာမျိုး၊ သူ(မ)ထိုင်ဖို့ ထိုင်ခုံလေး ထုတ်ပေးတာမျိုး၊ အိမ်ပြန်တဲ့အခါမှာလည်း သူ(မ) ဘေးကင်း လုံခြုံမှု ရှိဖို့ရန်အတွက် သူ(မ)ကို အိမ်ပြန်လိုက်ပို့ပေးတာမျိုး အစရှိတဲ့ အပြုအမူများသည် လူကြီးလူကောင်းဆန်မှုကို ဖော်ပြနေတာပဲဖြစ်ပါတယ်။
ဖက်ရှင်ကျကျ ဝတ်ဆင်တတ်ပါစေ
ကွီးတို့ရဲ့ အိမ်နေရင်းဝတ်စုံ၊ အိမ်နေရင်းဖက်ရှင်ကတော့ ကိုယ် ကြိုက်သလို စိတ်လွတ်လက်လွတ် ဝတ်ဆင်နိုင်ပါတယ်။ သို့သော် အပြင်သွားမယ့် ဖက်ရှင်ကိုတော့ တွေ့ကရာ အင်္ကျီစုတ်တွေ၊ အပြဲ ဗရပွနှင့် ဘောင်းဘီမျိုးကို ဝတ်ဆင်သွားတာမျိုးတွေ ရှောင်ကြဥ်သင့်ပါတယ်။ ကိုယ်က ဆော်ကြည်ဘဲ ဖြစ်အောင် ကြိုးစားချင်ပြီး ဂေါ်မစွံ တဲ့ လူပျိုကြီး ဘဝကနေ ရုန်းထွက်ချင်တယ်ဆိုရင် ဖြစ်သလို နေထိုင်တတ်တဲ့ အကျင့်ကို ပြင်ရမှာပဲ ဖြစ်ပါတယ်။ ဟောလိဝုဒ် မင်းသားတစ်ယောက်လိုမျိုး ဖက်ရှင်ကျစရာ မလိုပေမယ့် သူ့နေရာနှင့်သူ ဝတ်တတ်စားတတ်ဖို့ လိုအပ်ပါတယ်။
ကွီးတို့အနေနဲ့ ဖက်ရှင်ကျကျ ဘယ်လိုဝတ်ဆင်ရမှန်းမသိဘူးဆိုရင် လေ့လာစရာနေရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ရဲ့ KWEE ဝက်ဆိုဒ်ထဲမှာလည်း ဖက်ရှင်နှင့် ပတ်သက်တဲ့ ဆောင်းပါးများကို ကွီးတို့အတွက် ဖော်ပြပေးနေတဲ့အတွက်ကြောင့် စိတ်ဝင်စားတယ်ဆိုရင်တော့ ထိုဆောင်းပါးလေးတွေထဲကနေ လေ့လာနိုင်ပါသေးတယ်။ ဘာမှ မဝတ် မစားတတ်တဲ့ ပုံစံကနေ ဖက်ရှင်ကျတဲ့ ဒီဇိုင်းကာလာ အနေအထားအဖြစ် ပြောင်းလဲသွားမယ်ဆိုရင်တော့ ကွီးတို့လည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖြစ်သွားမှာပဲဖြစ်ပါတယ်။
တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိပါစေ
လူတစ်ယောက်အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး ရှိခြင်းသည် အင်မတန်မှ အရေးကြီးတဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတဲ့အခါ ပြင်ပမှ ရောပါပိုးမွှားများ၊ ဘက်တီးရီးယားပိုးမွှားများလည်း ဝင်ရောက်နိုင်ပြီး ရောဂါဘယများ ထူပြောလာပါလိမ့်မယ်။ ဒါ့အပြင် ကွီးတို့က ညစ်ညစ်ပတ်ပတ်နဲ့ နေထိုင်ပြီး ဒီကြားထဲကမှ ခန္ဓာကိုယ် ရနံ့ကလည်း ဆိုးရွားနေတယ်ဆိုရင်တော့ ကောင်မလေးတွေက အနားကပ်မှာတောင် မဟုတ်ပါဘူး။ ကိုယ် ကြိတ် ခရက်ရှ်နေတဲ့ ကောင်မလေးက အသန့်ကြိုက်တဲ့ ကောင်မလေးဆို ကွီးတို့ အမှတ်တွေ လျော့ပြီးရင်း လျော့ပြီး အနုတ်တောင် ပြသွားပါလိမ့်မယ်။
ဒါ့ကြောင့် တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူးအလေးပေးကာ ဆောင်ရွက်သင့်ပါတယ်။ တစ်နေ့ တစ်ခါ ရေ ပုံမှန်ချိုးပါ။ တစ်ပတ် နှစ်ခါလောက် ခေါင်းလျှော်ပါ။ အမွှေးအမျှင်များ ထူထဲစွာ ပေါက်ရောက်နေတဲ့ နေရာတစ်ဝိုက်ကိုလည်း သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးရပါမယ်။ ဒါမှသာလျှင် ကောင်မလေးတွေက ကွီးတို့ကို ညစ်ပတ်အိုးဆိုပြီး အထင်မခံရမှာပါ။
ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကိုလည်း ဂရုစိုက်ပါ
ဒီအချက်ကလည်း စောစောက တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိခြင်း၊ မရှိခြင်းနှင့် တိုက်ရိုက် ပတ်သက်နေပါတယ်။ ကိုယ့်ရဲ့ မျက်နှာမှာ ဝက်ခြံတွေ ဗရပွ ဖြစ်နေတယ်ဆိုရင်လည်း ဝက်ခြံပျောက်အောင် သေချာဂရုစိုက်ပါ။ လိုအပ်ပါက အရေပြား ဆရာဝန်ထံမှ ကုသမှု ခံယူရပါမယ်။ ဝက်ခြံတွေ ကင်းစင်ပြီး မျက်နှာက ကြည်လင်ချောမွတ်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ပိုတိုးလာမှာပဲဖြစ်ပါတယ်။ အသားအရေ ထိန်းသိမ်းခြင်းကိုလည်း မိန်းကလေးတွေလောက် မပြုလုပ်နိုင်ပေမယ့် အခြေခံ Skincare Steps တွေကိုလည်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
ကိုယ် သဘောကျ နှစ်သက်တဲ့ ကောင်မလေးတွေ့ပါက ဒိတ်လုပ်ဖို့ စပြောရမှာကိုလည်း ဝန်မလေးပါနဲ့
တချို့ကွီးတွေက အရှက်အကြောက် အင်မတန်မှ ကြီးကြပါတယ်။ ကိုယ် ကြိုက်တဲ့ ခရက်ရှ်က ဘယ်လောက်ပဲ ကိုယ့်ကို အထာတွေ ပေးနေပါစေ၊ သူတို့ကပဲ မသိတာလား၊ ရိုးလွန်းတာလား ဝေခွဲရခက်လှပါတယ်။ ကွီးတို့အနေနဲ့ ထိုကဲ့သို့ ရိုးအလွန်းတာဆိုရင် ကိုယ့်ရဲ့ ခရက်ရှ်လေးနဲ့ ဒီဘဝ မပြောနဲ့ နောက်ဘဝတောင် ပေါင်းဖက်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ဘက်က အရိပ်ပြရင် အကောင်မြင်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ခရက်ရှ်ကလည်း ကိုယ့်ကို အထာတွေ ပေးနေပြီဆိုရင်တော့ ဒိတ်လုပ်ဖို့ကို ကွီးတို့ဘက် အရင်ဦးဆုံးသာ ဖွင့်ပြောလိုက်ပါ။
ကွီးတို့ရော ဂေါ်မစွံတဲ့ လူပျိုကြီးဘဝကနေ ဘယ်လိုရုန်းထွက်ဖို့ ကြိုးစားနေပါသလဲ။
Source: Wikihow
Featured Image: Freepik