လာမယ့် နွေရာသီ ဘောလုံးနယ်ပယ်အတွင်းမှာတော့ အကွဲအပြဲ ဇာတ်လမ်းတွေ လှိုင်လှိုင် ကြားရပါလိမ့်မယ်။ မနေ့ကပဲ မက်ဆီ နဲ့ ပီအက်စ်ဂျီရဲ့ နွေရာသီမှာ လမ်းခွဲမယ်ဆိုတဲ့ သတင်း ဆောင်းပါးလေး တင်ပြီးသကာလ အခု မာနေး နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ နွေရာသီလမ်းခွဲကိုပါ ဆက်လက် ဖော်ပြရပါဦးမယ်။

mane

Photo Credit : Sky Sports

အသင်းရဲ့ တိုက်စစ်မှာ သွင်းဂိုးတွေ ရှယ်သွင်းယူပေးရင်း နှစ်ပေါင်းများစွာ အသုံးတော်ခံခဲ့သူ ရောဘတ် လီဝန်ဒေါစကီး ဘာစီလိုနာကို ပြောင်းရွှေ့သွားချိန်မှာ သူ့နေရာအတွက် ဆာဒီယို မာနေးကို လီဗာပူးလ်ကနေ ခေါ်ယူ ဖြည့်တင်းခဲ့လို့ ဒီ အပြောင်းအရွှေ့က ဘိုင်ယန် ပရိသတ်တွေအတွက် ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။ ဖြစ်မှာကို မာနေး ဆိုတာ နယ်နယ်ရရ ကစားသမားမှ မဟုတ်ပဲလေ။ မာနေးက လီဗာပူးလ်မှာရော ဆီနီဂေါမှာပါ ရှယ်ကြမ်းထားခဲ့တဲ့ ကစားသမားဆိုတော့ လီဝန်ကို လွမ်းစရာ မလိုလောက်တော့ဘူးလို့ အားလုံးက ယူဆထားကြမှာပါ။ ဒါပေမယ့် မာနေးရဲ့ဘိုင်ယန် ကစားသမားဘဝ ပွဲဦးထွက်က အားလုံး မျှော်လင့်ထားသလောက်တော့ ဖြစ်မလာဘူးလို့ပဲ ပြောရပါမယ်။

sadio

Photo Credit : SportsMax

(၃၅)ပွဲ ကစားတယ်။ (၁၂)ဂိုး သွင်းတယ်။ (၅)ဂိုး ဖန်တီးတယ်။ ဂိုး ပါဝင်ပတ်သက်မှုက (၁၇)ဂိုး ရှိထားတယ်။ ဒါဆိုရင် မာနေးက ဘိုင်ယန်မှာ တာထွက်ကောင်းတယ်လို့ မဆိုနိုင်ဘူးလားလို့ ပြောစရာ ရှိပေမယ့် ဒဏ်ရာ မရခင်က အသင်းအတွက် ပြိုင်ပွဲစုံမှာ (၁၀)ဂိုးသွင်းတဲ့ မာနေးက ဒဏ်ရာကြောင့် (၄)လလောက် အနားယူလိုက်ရပြီး ဒဏ်ရာက ပြန်သက်သာလာချိန်မှာ ဂိုးသွင်းအားပါ ကျဆင်းလာပါတယ်။ ဒဏ်ရာမရခင် ပွဲ(၂၀)ကျော်မှ (၁ဝ)ဂိုးထိ ရတာ မဆိုးလှပေမယ့် ဒဏ်ရာကြောင့် World Cup ပါ လွဲချော်လိုက်ရချိန်မှာ မာနေး အနေနဲ့ စိတ်ဓါတ်ကျသွားပုံပါပဲ။

mane bayern

Photo Credit : Goal

ပိုဆိုးတာက မာနေးဟာ အသင်းဖော် ဆာနေးနဲ့ အချင်းများပြီး ကိုယ်ထိ လက်ရောက် ထိုးကြိတ်တဲ့အထိ ပြုမှုမိခဲ့တာပါပဲ။ ဘယ်လို အကြောင်းအရင်းကြောင့်ပဲဖြစ်ဖြစ် အရင်ဦးဆုံး လက်ပါမိခဲ့တာက မာနေးအတွက် အနာဂတ်ထိပါ impact ဖြစ်သွားခဲ့ရပါတယ်။ လက်ရှိမှာ ဒဏ်ရိုက်တာလောက်ပဲ လုပ်ဆောင်ခဲ့တယ် ဆိုပေမယ့်လည်း လာမယ့်နွေမှာတော့ မာနေးကို အသင်းကနေ စွန့်လွှတ်ဖို့ရော မာနေး ကိုယ်တိုင်ကပါ ဘိုင်ယန်ကနေ စွန့်ခွာဖို့က လုံးဝ သေချာနေပြီပဲ ဖြစ်ပါတယ်။

Featured Photo : Bayern Strikes