ဘရာဇီးလက်ရွေးစင်နဲ့ ဘာစီလိုနာ ဂန္တဝင်ကစားသမားကြီး ရော်နယ်ဒင်ဟို ရဲ့သားဖြစ်သူ ဂျာအို မန်းဒက်စ် ကတော့ ဇန်နဝါရီလထဲမှာ ဘောလုံးစွမ်းရည် စစ်ဆေးမှု အောင်မြင်ခဲ့ပြီးနောက် ဘာစီလိုနာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဂျာအို မန်းဒက်စ်

Photo : Sports Brief

ဂျာအို မန်းဒက်စ် ဟာ လီယွန်နယ် မက်ဆီ ၊ ဘာစီလိုနာအသင်းရဲ့ လက်ရှိနည်းပြ ဇာဗီ ၊ စပိန်ဂန္ထဝင် အင်ဒရေအင်နီယေစတာ ၊ ဖာဖရီဂတ်နဲ့ ပီကေးတို့လို နာမည်ကြီး ကစားသမားတွေ မွေးထုတ်ပေးခဲ့တဲ့ ဘာစီလိုနာအကယ်ဒမီမှာ တက်ရောက်ပညာသင်ကြားခွင့်ရတဲ့ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒင်ဟိုကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား တစ်နည်းအားဖြင့် အထူးခြားဆုံး တောင်ပံကစားသမားအဖြစ် လူသိများပေမယ့် သားဖြစ်သူ ဂျာအို မန်းဒက်စ် ကတော့ ရှေ့တန်းတိုက်စစ်နေရာမှာ ကစားသွားမှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း အသက် ၁၇ နှစ်သာရှိသေးတဲ့ လူငယ်ကစားသမားဟာ ဘော်လွန်းဒီအောဆုရှင် ဖခင်ကဲ့သို့ ပဉ္စလက်ဆန်တဲ့ ဘောလုံးစွမ်းရည်တွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။

မန်ဒက်စ်ရဲ့ အစောပိုင်း ခြေစွမ်းစစ်ဆေးမှုတွေမှာ အဆင်မပြေဖြစ်ခဲ့ပေမယ့် ဂျိုအန်လာပေါ်တာအနေနဲ့ အကယ်ဒမီအသင်း တာဝန်ရှိသူတွေကို စိတ်ရှည်ရှည်ထား စောင့်ကြည့်ဖို့ တောင်းဆိုခဲ့ပြီး နောက်ပိုင်းအဆင့်တွေမှာတော့ မန်ဒက်စ်တစ်ယောက် အကောင်းဆုံးစွမ်းရည်တွေကို ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂျာအို မန်းဒက်စ်
Photo : Flipboard

စပိန်ဘီလူးကြီးဖြစ်တဲ့ ဘာစီလိုနာအတွက် ကိုယ်စားလှယ်တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ ရော်နယ်ဒင်ဟိုကတော့ သားဖြစ်သူ အကယ်ဒမီအသင်းကို ရောက်ရှိလာတာနဲ့အမျှ အသင်းမှာ ပါဝင်ပတ်သက်မှု ပိုများလာမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးဂန္တဝင် ရော်နယ်ဒင်ဟိုက ” ဟုတ်ပါတယ် သူအခုလာနေပါပြီ။ ကျွန်တော်အသင်းကနေ ဘယ်တော့မှ ထွက်ခွာသွားမှာ မဟုတ်ပါဘူး။ ဘာစီလိုနာက ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ကျွန်တော် ဘယ်ကိုပဲရောက်ရောက် ဘာစီလိုနာနဲ့ အတူရှိနေပါတယ်။ ကျွန်တော့်သားပါ ဘာကာကို ရောက်လာပြီဆိုတော့ ဘာစီလိုနာနဲ့အရင်ကထက် ပတ်သက်မှုပိုရှိတော့မှာပါ ” လို့ မာကာသတင်းဌာနကို ပြောခဲ့ပါတယ်။

ဂျာအို မန်းဒက်စ်ဟာ ဘာစီလိုနာနဲ့ စာချုပ်မချုပ်မီမှာ ရော်နယ်ဒင်ဟိုရဲ့ အသင်းဖော်ဟောင်း ဘရာဇီးဂန္ထဝင်တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုက ရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ ဘရာဇီးကလပ် ခရူဇီယိုမှာ ကစားနေခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ထဲမှာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

Featured Photo : Daily Mail