ဘာစီလိုနာ အသင်းဟာ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး လာမယ့်ရက်ပိုင်းအတွင်း အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဒီဂျောင် ဟာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ဖို့ ရှုပ်ထွေးမှုတွေရှိနေသလို နူးကမ့်မှာ ဆက်နေချင်တယ်လို့ တောင်းဆိုမှုတွေလည်း ရှိနေပေမယ့်လည်း ယူနိုက်တက်အသင်းကတော့ နယ်သာလန်သားကို ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Photo : Daily Mail

ယူနိုက်တက်နဲ့ဘာစီလိုနာအသင်း ၂ သင်းကြားမှာ ကနဦး ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းနဲ့ သဘောတူညီမှုရရှိထားပေမယ့် ဘာစီလိုနာအသင်းအနေနဲ့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့် ကစားသမားကို ပေါင် ၁၇ သန်း ပေးချေသွားရဦးမှာ ဖြစ်ပါတယ်။

ဒီဂျောင်ဟာ နယ်သာလန်အသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေ သွားရောက်ကစားထားရတာကြောင့် ပြီးခဲ့တဲ့ တနင်္ဂလာနေ့ကမှ ဘာစီလိုနာအသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေမှာ လာရောက်ပူးပေါင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ နည်းပြဇာဗီနဲ့အတူ ဘာစီလိုနာအသင်းရဲ့ ၂ ပတ်ကြာ ရာသီကြိုခရီးစဉ်အတွက် အမေရိကကို မသွားရောက်မီ ဒီဂျောင်ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို မြင်တွေ့ရလိမ့်မယ်လို့ စပိန်သတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

Photo : Daily Mail

နည်းပြဇာဗီက နယ်သာလန်ကြယ်ပွင့်ဟာ သူရဲ့ကွင်းလယ်ကစားကွက် အစီအစဉ်တွေမှာ ဘယ်လောက်ထိအရေးပါကြောင်းကို စောင်ကြည့်ဖို့ ဘာစီလိုနာ အားကစားဒါရိုက်တာနဲ့ အသင်း တာဝန်ရှိသူတွေထံ တင်ပြထားပါတယ်။ နည်းပြဇာဗီအနေနဲ့ ဆွေးနွေးမှုကနေ အဖြေထွက်လာမယ့် ဘယ်လိုရလဒ်မျိုးကိုမဆို ဒီဂျောင်ထံ ပြန်လည်အကြောင်းကြားသွားမယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိမှာ ဒီဂျောင်ရဲ့ နွေရာသီအားလပ်ရက်အတွက် အနှောက်အယှက်မဖြစ်စေဖို့ အပြောင်းအရွေ့ကို ခေတ္တခဏ ဆိုင်းငံ့ထားရခြင်း ဖြစ်ပါတယ်။

ဘာစီလိုနာ နည်းပြဇာဗီကတော့ ဒီဂျောင်ရဲ့ ပရိသတ်တစ်ဦးဖြစ်တယ်လို့ ဝန်ခံထားပေမယ့် တကယ်လို့ အသင်းကနေ သူထွက်ခွာမယ်ဆိုပါက ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူသွားနိုင်ခြေ ရှိနေပါတယ်။

Featured Photo : Daily Mail