လာ့စ်ဗီးဂတ်စ်မှာ ကျင်းပသွားခဲ့တဲ့ ၆၄ ကြိမ်မြောက် Grammy Awards ကတော့ အမေရိကန် R&B နှစ်ယောက်တွဲအဖွဲ့ Silk Sonic ၊ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ မျက်နှာသစ်အဆိုတော် Olivia Rodrigo နဲ့ ဂျက်ဇ်ဂီတပညာရှင် ဂျွန် ဘာတီးစ် တို့ရဲ့ ပွဲလို့ ဆိုရမှာပါ။

တနင်္ဂနွေညမှာ ကျင်းပသွားတဲ့ Grammy Awards မှာ ဘာတီးစ်က We Are အယ်လ်ဘမ် နဲ့ Album Of The Year ဆုအပြင် Music Video ၊ Score Soundtrack For Visual Media ၊ American Roots Performance နဲ့ American Roots Song ဆု ၄ ဆု စုစုပေါင်း ဆု ၅ ဆုနဲ့ ဆုအများဆုံးရ Artist အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အမေရိကန်အဆိုတော် ၊ တေးရေး နဲ့ ကီးဘုတ် ၊ ပီယာနို ပညာရှင်တစ်ဦး ဖြစ်ပြီး National Jazz Museum in Harlem မှာ Creative Director နဲ့ The Atlantic အမေရိကန်ဂီတမဂ္ဂဇင်းမှာ Music Director အဖြစ်ပါ တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

Grammy Awards

Photo : Grammy

၁၉၈၆ ခုနှစ်ဖွား အသက် ၃၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ သူဟာ ၁၉၉၈ ခုနှစ်က စလို့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်မှာ Animation ကားတစ်ကားဖြစ်တဲ့ Soul ဇာတ်ဝင်တေးအတွက် Academy Award တစ်ဆု ၊ Golden Globe Award တစ်ဆု ၊ Grammy Award တစ်ဆု နဲ့ BAFTA Film Award တစ်ဆုတို့ ချီးမြှင့်ခံထားရပါတယ်။ ဒီနှစ်မှာလည်း သူဟာ Grammy Award ဆန်ကာတင် ၁၄ ဆုနဲ့ အများဆုံး Nominations ဝင်ခဲ့သလို ဆုလည်း ၅ ဆုအထိ ရခဲ့ပြီး 2022 Grammy Awards အများဆုံးဆုရှင်အဖြစ် မှတ်တိုင် စိုက်ထူနိုင်ခဲ့တာပါ။

2022 Grammy Awards ရဲ့ အရေးပါတဲ့ ဆုကြီးတစ်ဆုဖြစ်တဲ့ Album Of The Year ကို ဂျွန် ဘာတီးစ် ဟာ ထိပ်ထိပ်ကြဲ နာမည်ကျော်အနုပညာရှင်တွေ ဖြစ်တဲ့ Tony Bennett & Lady Gaga (“Love For Sale”) အယ်လ်ဘမ် ၊ Justin Bieber (“”Justice (Triple Chucks Deluxe)”) အယ်လ်ဘမ် ၊ Billie Eilish (“Happier Than Ever”) အယ်လ်ဘမ် ၊ Taylor Swift (“Evermore”) နဲ့ Kanye West (“Donda”) တို့နဲ့ ယှဉ်ပြီး အရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Grammy Awards

Photo: bostonglobe

ဒီနှစ် ဂရမ်မီဆုပေးပွဲမှာ မျက်နှာသစ်အဆိုတော် Olivia Rodrigo က Grammy Awards ၃ ဆုနဲ့ ဒုတိယဆုအများဆုံး အနုပညာအဖြစ် ရပ်တည်ခဲ့ပါတယ်။ Bizaardvark and High School Musical: The Musical: The Series ဂီတဒရာမာ TV Series မှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ရိုဒရီဂိုဟာ ၂၀၂၁ ခုနှစ်မှာ Drivers License ဆိုတဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်တစ်ချပ် စတင် ဖြန့်ချိခဲ့ပြီး တစ်နှစ်တာရဲ့ ရောင်းအားအကောင်းဆုံး သီချင်းပိုင်ရှင်အဖြစ် ကျော်ကြားမှု တဟုန်းထိုး မြင့်တက်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ Sour ဆိုတဲ့ စတူဒီယိုအယ်လ်ဘမ်တစ်ချပ် ဖြန့်ချိခဲ့ပြီး ဒီအယ်လ်ဘမ်ဟာ သူမကို Best New Artist အပါအဝင် Grammy Awards ၃ ဆု ရရှိစေခဲ့ပါတယ်။ ရိုဒရီဂိုရတဲ့ ဂရမ်မီဆုတွေထဲမှာ Best New Artist ၊ Best Pop Vocal Album (Sour) နဲ့ Pop Solo Performance (Drivers License) တို့နဲ့ ရခဲ့တာ ဖြစ်ပါတယ်။ Time မဂ္ဂဇင်းကတော့ သူမကို ၂၀၂၁ ခုနှစ်အတွက် Entertainer Of The Year နဲ့ Billboard က ၂၀၂၂ ခုနှစ်အတွက် Woman of The Year ဆုတွေ ချီးမြှင့်ထားတာပါ။

Olivia Rodrigo

Photo : forbes

ဘရူနိုမားစ် နဲ့ Rapper အဆိုတော် အန်ဒါဆင် ပါးခ်တို့ နှစ်ဦး ဖွဲ့ထားတဲ့ Silk Sonic ကလည်း မနှစ်က ထုတ်တဲ့ Leave The Door Open အယ်လ်ဘမ်နဲ့ Record Of The Year ၊ Song Of The Year ၊ Best R&B Performance ၊ Best R&B Song ဆိုပြီး ဆု ၄ ဆု ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ ဒရမ်မာသမား Taylor Hawkins ကွယ်လွန်သွားခဲ့တဲ့ Foo Fighters အဖွဲ့လည်း Waiting On A War သီချင်းနဲ့ Best Rock Song ၊ Medicine At Midnight သီချင်းနဲ့ Best Rock Album ဆုတို့ ချီးမြှင့်ခံရခဲ့ပါတယ်။

Featured Photo : LA Times