တစ်နှစ်တာရဲ့ စတုတ္ထမြောက်လ တစ်လဖြစ်တဲ့ ဧပြီလ ဖွားပုဂ္ဂိုလ်တွေဟာ ရဲရင့်ဖော်ရွေပြီး တည်ကြည်တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေ များတယ်လို့ ဆိုပါတယ်။ နွေဦးပေါက်ချိန် မွေးဖွားလာသူတို့ထုံးစံ တက်ကြွထက်သန်ပြီး တော်လှန်လိုစိတ် ရှိသူတွေအဖြစ်လည်း အမှတ်သညာပြု ထားကြပါတယ်။ ဧပြီလမှာ မွေးဖွားလာခဲ့သူတွေဟာ အပေါင်းအသင်းဝင်ဆံ့ပြီး တခြားသူတွေရဲ့ ပြဿနာတွေကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဖြေရှင်းပေးဖို့ စိတ်အားထက်သန်ကြတယ်လို့ ဆိုပါတယ်။

ရုပ်ရည်သွင်ပြင်အားဖြင့် ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းပေမယ့် သူတို့နဲ့ အတိုက်အခံ လုပ်လာတဲ့လူတွေအပေါ်တော့ လက်စားချေတတ်တဲ့ စရိုက်မျိုးလည်း ရှိကြတယ်လို့ ရာသီခွင်ဟောစာတန်းတွေမှာ ပြောထားကြပါတယ်။ ဧပြီလဟာ ရာသီခွင်လက္ခဏာအရ Aries လို့ ခေါ်တဲ့ မိဿရာသီခွင်သမားတွေ ဖြစ်ပြီး ဂြိုလ်အားဖြင့် စစ်ဘုရင် The Lord Of The War လို့ ခေါ်တဲ့ အင်္ဂါဂြိုလ်သက်ရောက်ပါတယ်။

ဒါကြောင့် ဧပြီဖွားတွေဟာ အများပေါ် ဩဇာလွှမ်းမိုးတတ်သလို စိတ်မရှည်မှုနဲ့ ဖျက်ဆီးလိုစိတ် လို အမှောင့်စိတ်တွေလည်း ပိုင်ဆိုင်ထားတတ်ကြပါတယ်။ ဧပြီလမှာပဲ အဒေါ့ဖ် ဟစ်တလာလို ဂျာမန်အာဏာရှင် ဖွားမြင်ခဲ့သလို ယူကေရဲ့ ဘုရင်မကြီး အဲလ်လီဇဘက် (၂) လည်း မွေးဖွားခဲ့ပါတယ်။ အနုပညာဘက်ဆိုင်ရာအရဆို ဂန္ဓဝင်စာဆို လင်္ကာပညာရှင် ဝီလျံ ရှိတ်စပီးယား နဲ့ ပန်းချီပညာရှင် လီယိုနာဒို ဒါဗင်စီတို့လည်း ဧပြီလထဲမှာပဲ မွေးဖွားခဲ့တာပါ။

ထူးခြားတဲ့ စိတ်နေစိတ်ထားပိုင်ရှင်တွေ ပေါ်ထွက်ရာ ဧပြီလ ထဲမှာ ထူးချွန်ထင်ရှားတဲ့ အဆိုတော် တွေလည်း မွေးဖွားခဲ့ပါတယ်။ ဒီလို နာမည်ကျော်အဆိုတော်တွေထဲကမှ ထင်ရှားသူတချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Michael Poulsen

Michael Poulsen

Photo : townsquare

ဒိန်းမတ်အဆိုတော် ၊ ဂစ်တာသမား နဲ့ တေးရေးဆရာ မိုက်ကယ် ပေါလ်ဆန်ကို ၁၉၇၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ပေါလ်ဆန်ဟာ ရော့ခ်တီးဝိုင်းတစ်ခု ဖြစ်တဲ့ Volbeat အဖွဲ့ရဲ့ ပင်တိုင် တေးရေးဆရာ ၊ အဆိုတော် ၊ ရစ်သမ်ဂစ်တာသမားလည်း ဖြစ်ပါတယ်။ Volbeat ရဲ့ အရင်မှာ သူဟာ ဟဲဗီးလ်မက်တဲလ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dominus မှာ အဆိုတော်အဖြစ် သီဆိုခဲ့ပါတယ်။

Dominus အဖွဲ့နဲ့အတူ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း လေးကြိမ် အသံသွင်းခဲ့ပြီးနောက် Death Metal ဂီတရပ်ဝန်းကို စိတ်ကုန်လာတဲ့ ပေါလ်ဆန်ဟာ Dominus နဲ့ လက်တွဲဖြုတ်ခဲ့ပါတယ်။ နောက်တော့ Dominus လည်း အဖွဲ့ပျက်သွားခဲ့ပြီး ပေါလ်ဆန်ဟာ Volbeat အဖွဲ့ကို တည်ထောင်ပြီး The Strength / The Sound / The Songs အဘ်လ်ဘမ်ကို ဖြန့်ချိခဲ့ရာမှာ Danish Charts မှာ နံပါတ် ၁၈ အဆင့်မှာ ရပ်တည်ခဲ့ပါတယ်။

The Strength / The Sound / The Songs အယ်လ်ဘမ်ဟာ အဖွဲ့ရဲ့ ပထမဆုံး Top 20 ဝင်တဲ့ အယ်လ်ဘမ်လည်း ဖြစ်ခဲ့ပါတယ်။ ပေါလ်ဆန်ဟာ Volbeat အဖွဲ့နဲ့အတူ The Strength/The Sound/The Songs (2005) ၊ Rock the Rebel/Metal the Devil (2007) ၊ Guitar Gangsters & Cadillac Blood (2008) ၊ Beyond Hell/Above Heaven (2010) ၊ Outlaw Gentlemen & Shady Ladies (2013) ၊ Seal the Deal & Let’s Boogie (2016) ၊ Rewind, Replay, Rebound (2019) နဲ့ Servant of the Mind (2021) တို့ကို ဆက်တိုက် ဖြန့်ချိထားပါတယ်။

(၂) Art Alexakis

Art_Alexakis

Photo : wikimedia

Everclear ရော့ခ်ဂီတအဖွဲ့ရဲ့ တေးရေး တေးဆို နဲ့ ဂစ်တာသမားအဖြစ် နာမည်ကျော်တဲ့ အာ့တ် အလက်ဇာကစ်ကို ၁၉၆၂ ခုနှစ် ဧပြီ ၁၂ ရက်နေ့မှာ မွေးပါတယ်။ နာမည်ကျော် တီးဝိုင်းတွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သလို တခြားအဆိုတော်တွေအတွက်ပါ သီချင်းရေးပေးလို့ နာမည်ကျော်ပါတယ်။ တေးရေး တေးဆိုအလုပ်အပြင် ရေဒီယို နဲ့ TV Show တွေမှာပါ ပါဝင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်က စပြီး နိုင်ငံရေးလှုပ်ရှားမှုတွေပါ လုပ်ဆောင်လာခဲ့သလို ဂေးလ်အခွင့်အရေးတက်ကြွလှုပ်ရှားသူအဖြစ်ပါ လိင်တူလက်ထပ်ခွင့်အတွက် ထောက်ခံလှုပ်ရှားခဲ့သူပါ။

၂၀၁၉ ခုနှစ်မှာ ဦးနှောက်ဆဲလ်အလွှာထိခိုက်မှု ခံစားနေရကြောင်း ကြေညာခဲ့ပါတယ်။ ဂီတအနေနဲ့ Alternative Rock ၊ Post-Grunge ၊ Power Pop ၊ Grunge နဲ့ Punk Rock အမျိုးအစားတွေ သီဆိုခဲ့တဲ့ အလက်ဇာကစ်ဟာ Everclear အဖွဲ့နဲ့အတူ World Of Noise (1993) အယ်လ်ဘမ်က စပြီး အယ်လ်ဘမ် ၁၂ ချပ် ထွက်ထားသလို ၂၀၁၉ ခုနှစ်မှာလည်း Sun Songs နာမည်နဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ထားပါတယ်။

(၃) Akon

Akon

Photo : tidal

ဆီနီဂေါ – အမေရိကန် Rapper အဆိုတော် ၊ တေးရေး ၊ ထုတ်လုပ်သူ နဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Akon ဟာ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Trouble အယ်လ်ဘမ်ထဲက Looked Up သီချင်းနဲ့ ဂီတလောကမှာ ကျော်ကြားခဲ့ပါတယ်။ ဒုတိယအယ်လ်ဘမ် Konvicted (2006) မှာ Best Contemporary R&B Album ၊ Best Rap / Sung Collaboration (Smack That) နဲ့ I Wanna Love You တို့နဲ့ ဂရမ်မီဆု ၃ ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ Smack That နဲ့ I Wanna Love You သီချင်း ၂ ပုဒ်ဟာ Billboard Hot 100 မှာ Top Ten ဝင်ခဲ့ပါတယ်။

တတိယမြောက် စတူဒီယိုအယ်လ်ဘမ် Freedom (2008) ထဲက Right Now (Na Na Na) သီချင်းဟာ အကြီးအကျယ်ပေါက်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ Akon ဟာ Billboard Hot 100 သီချင်း ၃၅ ပုဒ်ကျော် သီဆိုခဲ့သူဖြစ်ပြီး ဂရမ်မီ ၅ ဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ Akon ဟာ Billboard Hot 100 Chart မှာ နံပါတ် ၁ နဲ့ နံပါတ် ၂ နှစ်ခုစလုံးမှာ နှစ်ကြိမ်ပါဝင်ခဲ့တဲ့ ပထမဆုံး Solo Artist လည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်က မာစတာ Ringtones အတွက် နံပါတ်တစ် အရောင်းရဆုံးအနုပညာရှင်အဖြစ် သူဟာ Guinness World Records စာရင်းဝင်ခဲ့ပါတယ်။ Forbes မဂ္ဂဇင်းက ၂၀၁၀ ခုနှစ်မှာ Akon ကို Forbes Celebrity 100 မှာ နံပါတ်စဉ် ၈၀ နေရာ နဲ့ အာဖရိကန်ဖွား Most Powerful Celebrities ၄၀ စာရင်းမှာ နံပါတ် ၅ က ရှိခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုရဲ့ Top Digital Song Artists စာရင်းမှာတော့ Billboard က Akon ကို နံပါတ်စဉ် ၆ နေရာမှာ ဖော်ပြထားပါတယ်။ Akon ကို ၁၉၇၃ ၊ ဧပြီလ ၁၆ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်လို့ ဒီနှစ်ထဲမှာ အသက် ၄၉ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

(၄) Kellin Quinn

Kellin Quinn

Photo : flickr

အမေရိကန်ရော့ခ် အဆိုတော်နဲ့ ဂီတသမား ကယ်လင် ကွင်းကို ၁၉၈၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ မွေးတာ ဖြစ်လို့ ဒီနှစ်ထဲမှာ ၃၆ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ ကွင်းဟာ ရော့ခ်ဂီတအဖွဲ့  Sleeping With Sirens အဖွဲ့မှာ ပင်တိုင်အဆိုတော်နဲ့ ကီးဘုတ်တီးခတ်သူလည်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ Sleeping With Sirens အဖွဲ့မှာ ပါဝင်ခဲ့ပြီး ဒီအရင်က အမေရိကန်ရော့ခ်ဂီတ တီးဝိုင်း Dance Gavin Dance အဖွဲ့မှာ အဆိုတော်အနေနဲ့ အသံစစ်ဆေးခံခဲ့သူပါ။

၂၀၁၀ မှာ Sleeping With Sirens အဖွဲ့နဲ့အတူ ပထမဆုံး အယ်လ်ဘမ် With Ears to See And Eyes To Hear ထွက်ခဲ့ပြီး အချပ်ရေ ၂၅၀၀၀ ရောင်းချနိုင်ခဲ့ကာ Billboards Charts မှာ နံပါတ် ၇ စွဲခဲ့ပါတယ်။ ကွင်းဟာ Anthem Made ဆိုတဲ့ ဖက်ရှင်လိုင်းတစ်ခုလည်း ပိုင်ထားသလို Dreamer Development Group ကွန်ရက်ကိုလည်း တည်ထောင်ထားပါတယ်။

(၅) Travis Scott

Travis Scott

Photo : indianexpress

အမေရိကန် Rapper ထရာဗစ် စကော့တ်ကို ၁၉၉၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ မွေးပါတယ်။ ပထမဆုံးအယ်လ်ဘမ် Rodeo ကို ၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့ပြီး နောက်တစ်နှစ်မှာ ဖြန့်ချိခဲ့တဲ့ Birds In The Trap Sing McKnight အယ်လ်ဘမ်ဟာ သူ့ရဲ့ Billbaord 200 Charts ထဲက ပထမဆုံး နံပါတ် ၁ ရပ်တည်ခဲ့တဲ့ အယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။ ဒီနောက် ထွက်တဲ့ Astroworld အယ်လ်ဘမ်ဟာလည်း Billboard Hot 100 မှာ Drake နဲ့ တွဲဆိုထားတဲ့ Sicko Mode သီချင်းနဲ့ နံပါတ်တစ် ဖြစ်ခဲ့ပါတယ်။

စကော့တ်ဟာ တစ်နှစ်မပြည့်ခင်အတွင်း Hot 100 မှာ နံပါတ် ၁ သီချင်း ၃ ပုဒ် ပါဝင်ခဲ့တဲ့ ပထမဆုံး အဆိုတော်လည်း ဖြစ်ခဲ့ပြီး Grammy Awards ဆန်ကာတင် ၈ ဆု နဲ့ Billboard Music Award တစ်ဆု ၊ လက်တင်ဂရမ်မီဆု ၁ ဆုလည်း ချီးမြှင့်ခံထားရပါတယ်။ ထရာဗစ် စကော့တ်ဟာ နာမည်ကျော်ဆယ်လီပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ကိုင်လီ ဂျန်နာနဲ့ ပေါင်းသင်းနေထိုင်ပြီး ကလေး ၂ ဦးလည်း ရထားပါတယ်။

Featured Photo : flickr