ကိုယ့်ရဲ့ ရုပ်ရည်က ရှိရင်းစွဲ အသက်ထက် နှစ်ဆကျော်လောက် ပိုမိုအိုမင်းရင့်ရော်နေတယ်လို့ ခံစားရပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။ ဒီဆောင်းပါးလေးထဲမှာတော့ မိမိရဲ့ ရှိရင်းစွဲ အသက်ထက် ပိုမို ငယ်ရွယ် နုပျို နေစေမယ့် အစွမ်းထက် နည်းလမ်းကောင်းများ ရှိပါတယ်။
နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ

ခရမ်းလွန် နေရောင်ခြည်သည် ကျနော်တို့ရဲ့ အသားအရေကို ကြမ်းတမ်း ပျက်စီးစေပါတယ်။ နေပူထဲသို့ ထီး၊ ဦးထုပ် မဆောင်းဘဲ အပြင်ထွက်မယ်၊ နေလောင်ကာ ခရင်မ် မလိမ်းဘဲ အပြင်ထွက်တဲ့အခါ အသားအရေနဲ့ နေရောင်ခြည်တို့ တိုက်ရိုက် ထိတွေ့မိပြီး အသားအရေ တွဲကျခြင်း၊ အရေးအကြောင်းများထခြင်း အစရှိတဲ့ ဆိုးကျိုးများကို ခံစားရစေပါတယ်။ ပိုပြီး ကြောက်ဖို့ကောင်းတာကတော့ အရေပြား ကင်ဆာ ရောဂါကိုပါ ဖြစ်ပွားစေနိုင်တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အပြင်ထွက်တော့မယ်ဆိုရင် နေလောင်ကာခရင်မ် လိမ်းပြီးမှ အပြင်ထွက်ပါ။ ထီး၊ ဦးထုပ်တို့ ဆောင်းဖို့လည်း မမေ့ပါနဲ့။
ရေများများ သောက်ပါ

ရှိရင်းစွဲ အသက်ထက် ပိုမို ငယ်ရွယ် နုပျို စေတဲ့ နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကတော့ ရေများများ သောက်ခြင်းပဲ ဖြစ်ပါတယ်။ ရေသောက်ခြင်းသည် အသားအရေကို လိုအပ်တဲ့ ရေဓာတ်များ ဖြည့်တင်းပေးပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။ အရေပြား တစ်သျှူးနှင့် ဆဲလ်များကို အားဖြည့်ပေးပြီး ငယ်ရွယ် နုပျိုစေမှာပဲဖြစ်ပါတယ်။
အိပ်ရေး ဝဝ အိပ်စက်အနားယူပါ

ဒီအချက်ကလည်း အရေးကြီးပါတယ်။ ယနေ့ခေတ်မှာ အင်တာနက်ရဲ့ လှုံ့ဆော်မှုကြောင့် ညနက်တဲ့အထိ လိုင်းသုံးပြီး မနက်မိုးလင်းမှ မျက်လုံးက ပန်ဒါမျက်လုံးတွေ ဖြစ်နေတတ်ကြပါတယ်။ အသားအရေသည် ကျနော်တို့ အိပ်စက်ချိန်မှာ ဆဲလ်ဟောင်းများကို အားဖြည့်ပေးကာ ဆဲလ်သစ်များ ပြန်ဖြစ်အောင် အားမွေးရတာ ဖြစ်ပါတယ်။ လုံလောက်တဲ့ အိပ်စက်မှု မရတဲ့အခါ မျက်ကွင်းညိုခြင်းနှင့် အသားအရေ အိုမင်းရင့်ရော်လာပါတော့တယ်။ ဒါ့ကြောင့် မိမိအသားအရေကို အမှန်တကယ် ဂရုစိုက်တယ်ဆိုရင် အိပ်ရေး ဝဝ အိပ်စက်အနားယူသင့်ပါတယ်။
လှုပ်လှုပ်ရှားရှားနေပါ

လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်လည်း အရေးကြီးတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ အထိုင်များပြီး လှုပ်ရှားမှု နည်းတဲ့အခါ ဗိုက်ရွှဲရွှဲကြီး ဖြစ်လာပြီး ကြည့်ကောင်းတော့မှာ မဟုတ်ပါဘူး။ ဟောလိဝုဒ် မင်းသားတွေလို အသက် ၄၀၊ ၅၀ ကျော်တာတောင်မှ ၂၀ ကျော် အရွယ်လိုပဲ အထင်ခံရချင်တယ်ဆိုရင်တော့ အားကစားလိုက်စားဖို့ လိုပါလိမ့်မယ်။ ဟောလိဝုဒ် မင်းသားများနည်းတူ အားကစား မလိုက်စားနိုင်ရင်တောင်မှ ကိုယ် နိုင်သလောက် မိနစ် ၃၀ တန်သည်ဖြစ်စေ၊ မိနစ် ၂၀ တန်သည်ဖြစ်စေ အချိန်အနည်းငယ် ဖဲ့ပေးပြီး ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အစားအစာများကိုလည်း စားသုံးပေးဖို့လိုအပ်ပါတယ်။
အသားအရေကို ဂရုတစိုက် ထိန်းသိမ်းပါ

Skincare ဆိုတာသည် အမျိုးသမီးများနှင့်သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ယနေ့ခေတ်မှာ အမျိုးသားများလည်း ကိုယ့် အသားအရေကို ဂရုတစိုက် ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။ Skincare Step တွေ အများကြီး လိုက်မလုပ်နိုင်ဘူးဆိုရင်တောင်မှ တိုနာနဲ့ Moisturizing Cream လေး လိမ်းကျံပေးသင့်ပါတယ်။ ဒါမှသာ အသားအရေက တင်းရင်းပြီး အရွယ်တင် နုပျိုမှာပဲဖြစ်ပါတယ်။
အတွင်းစိတ်ထား လှပစွာ ထားပါ

ဘဝကြီးမှာ ရုပ်အလှထက် စိတ်ထားအလှက အဓိကအကျဆုံးပါပဲ။ ရုပ်ဘယ်လောက်လှလှ အတွင်းစိတ်ထားက ပုပ်ဆတ်နေပြီး လူတိုင်းအပေါ်ကို ကောက်ကျစ်စဥ်းလဲနေမယ်ဆိုရင် ထိုစိတ်ထားသည် မျက်နှာပေါ်မှာ ရောင်ပြန်ဟပ်နေပြီး ရုပ်ကိုလည်း ကြည့်ရဆိုးစေပါတယ်။ အတွင်းစိတ်ထားလေး လှတဲ့အခါ ထိုစိတ်ရဲ့ အကြည်ဓာတ်က မျက်နှာပေါ်မှာ သွားထင်းနေပြီး လူချစ်လူခင် ပေါများပါတယ်။ ဒါ့ကြောင့် လူတိုင်းအပေါ်မှာ စိတ်ကောင်း နှလုံးကောင်းထားရမှာပဲဖြစ်ပါတယ်။ စိတ်ထား ကောက်ကျစ်စဥ်းလဲသူရဲ့ အနားမှာ ဘယ်သူမှ ကြာကြာမနေနိုင်ပါဘူး။ အတွင်းစိတ်ထား လှပသူရဲ့ ရုပ်ရည်သည် အကြည်ဓာတ်ကြောင့် ရုပ်ရည်သည် ရှိရင်းစွဲ အသက်ထက် ပိုမို ငယ်ရွယ် နုပျို နေမှာပဲဖြစ်ပါတယ်။
Source: Pureluxemedical
Featured Image: Freepik
