ခရစ္စတီယာနို ရော်နယ်လ်ဒိုက လီယွန်နယ် မက်ဆီ မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ “ဆော်ဒီ ပရိုလိဂ်က မေဂျာလိဂ်ထက်ကို ပိုကောင်းတယ်” ဆိုတဲ့ စကားကို ပြောဆိုလာခဲ့ပါတယ်။ ဒါက တိုက်ဆိုင်မှုတစ်ခုပဲလား။ ဒါမှမဟုတ် ပြိုင်ဘက်ဟောင်းကြီးအပေါ် ရည်ရွယ်ချက် ရှိရှိ ပြောဆိုခဲ့တာလားဆိုတာ ကာယကံရှင် ကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။
Photo Credit : Twitter
ဒီရက်ပိုင်းမှာပဲ ရော်နယ်လ်ဒိုရဲ့ အင်တာဗျူးစကားတွေကို နာမည်ကျော် ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက သူရဲ့ တွစ်တာမှာ စုစည်း ဖော်ပြထားပါတယ်။ ဒီ အင်တာဗျူးတွေထဲမှာ ခုဏက စကားကို ထည့်သွင်း ပြောဆိုခဲ့သလို သူက ဆော်ဒီလိဂ်ဆီ စတင် ရောက်လာပြီး တခြား ကစားသမားတွေပါ ဒီလိဂ်ကို ပြောင်းရွှေ့ ကစားချင်လာအောင် လမ်းဖောက်ပေးခဲ့တာလို့လည်း ပြောဆိုခဲ့ပါသေးတယ်။ ဒါကတော့ လက်တွေ့မှာ တကယ်မှန်နေတဲ့ စကားပါ။
Photo Credit : Clutch Points
ဆော်ဒီလိဂ်ဆီ ရော်နယ်လ်ဒို ရောက်ပြီးကတည်းက ဘန်ဇီမာ ကန်တေ ဖာမေနို ကူလီဘလီ ဘရိုဇိုဗစ် နေးဗက်စ်တို့လို ကစားသမားကောင်းတွေ တောက်လျှောက် ပြောင်းရွှေ့လာခဲ့ပြီး အခုဆို ရော်နယ်လ်ဒိုရဲ့ အယ်လ် နာဆာအသင်းဆီ သူ့အသင်းဖော်ဟောင်း အဲလက်စ် တဲလက်စ်ပါ ရောက်လာပါတော့မယ်။ အခုဆိုရင် ဆော်ဒီလိဂ်မှာက အသင်းတိုင်း ထိပ်တန်း ကစားသမားတွေ ပိုင်ဆိုင်ထားပြီဖြစ်ပြီး ပြိုင်ဆိုင်မှုတွေလည်း ပိုမို ပြင်းထန်လာမှာလည်း သေချာနေကာ ဘောလုံး ပရိသတ်တွေလည်း စိတ်ဝင်တစား ရှိနေကြပါပြီ။
Photo Credit : The Times of India
တစ်ဖက်မှာကလည်း မေဂျာလိဂ် ပြိုင်ပွဲဆီကို မက်ဆီ ရောက်ရှိလာမှုနဲ့အတူ ဘူးစကွက်လည်း ရောက်လာချိန် မက်ဆီရဲ့ အသင်းဖော်ဟောင်းတွေ တစ်သီကြီး အင်တာ မိုင်ယာမီဆီ ရောက်လာဖို့လည်း ရှိနေပါတယ်။ ဒါပေမယ့် မေဂျာလိဂ်က ဆော်ဒီလိဂ်လို ကစားသမား ခေါ်ယူမှုတွေကို အပြိုင် လုပ်ဆောင်နိုင်ဖို့ မလွယ်ပဲ သူတို့ နိုင်ငံမှာကလည်း ဘောလုံးထက် ဘေ့စ်ဘော ဘက်စကတ်ဘောတို့ကိုသာ ပိုမို နှစ်သက်ကြတာမို့ ဘောလုံးမှာ ရင်းနှီးမြှပ်နှံတာက သူတို့ ဒေသတွင်း အသင်းတွေထက် ပြည်ပက နာမည်ကြီး ကလပ်အသင်းတွေကို မြှပ်နှံတာဖြစ်လို့ ဒီနေရာမှာတော့ မေဂျာလိဂ်က ဆော်ဒီလိဂ်ထက် ခေါင်းတစ်လုံးနိမ့်ဖွယ် ရှိနေရပါတယ်။
Featured Photo : Goal