ငွေဟာ ရှာရတာခက်သလောက် ကုန်ဖို့ကတော့ အရမ်းလွယ်ပါတယ်။ ငွေကို ပညာသား ပါပါ မသုံးစွဲတက်ရင် တစ်လတစ်လ ရှာတဲ့ငွေဟာ ရေရေရာရာ အဖက်မတင်ပဲ ကုန်သွားမှာပါ။ ငွေကြေး အခက်အခဲ ကင်းကင်းနဲ့ စိတ်ချမ်းသာစွာ နေထိုင်နိုင်ဖို့ ဆိုရင်တော့ လိုက်နာရမယ့် အခြေခံစည်းမျဉ်းတွေ ရှိပါတယ်။ အခုပြောပြမယ့် ငွေကြေးဆိုင်ရာ အခြေခံစည်းမျဉ်း ၄ ချက်ကို လက်ကိုင်ထားရုံနဲ့ ဘဝမှာ ငွေကြေး အပူပင်ကင်းကင်းနဲ့ စိတ်ချမ်းသာစွာ နေထိုင်နိုင်ပါလိမ့်မယ်။

(၁) ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကို စုပါ

Photo : Freepik

အခြေခံကျတဲ့ စည်းမျဉ်းတစ်ခုက လုပ်ငန်းတစ်ခု မထူထောင်နိုင်သေးချိန်မှာ ကိုယ့်ရဲ့ လစဉ် ဝင်ငွေထဲကနေ ဆယ်ရာခိုင်နှုန်းကို စုဆောင်းတာမျိုး လုပ်တာက အမှန်ဆုံးနဲ့ အလွယ်ဆုံးပါပဲ။ စုထားတဲ့ ငွေအရင်းအနှီး ရှိလာပြီဆိုရင် ကိုယ်လုပ်ချင်တာလေးတွေ စိတ်အေး လက်အေး လုပ်နိုင်မှာ ဖြစ်ပါတယ်။

(၂) အသေးအဖွဲ ကအစ ဂရုစိုက်ပါ

Photo : Reader’s Digest

ကွီးတို့ တစ်နေ့တာအတွက် ပိုက်ဆံဘယ်လောက် သုံးမိလဲ ပြန်တွေးမိပါသလား။ တစ်ခါတစ်လေ ငွေသောင်းဂဏန်း ၊ သိန်းဂဏန်း ကုန်တဲ့ ပစ္စည်းဝယ်တာပဲ တွက်လို့ ရပြီး ကျန်တာ စာရင်းပျောက်နေတာ ကြုံမှာပါ။ ဒါက တကယ့်ကို ယိုပေါက်ပါပဲ။ တော်ရုံနဲ့တော့ ငွေအပုံလိုက်ကြီး ကုန်မယ့် ကိစ္စဟာ တစ်လကို သုံးလေးခါထက် မလာပါဘူး။ အသေးအမွှား အသုံးစရိတ်ကို စိစစ်တာဟာ ချမ်းသာသူအများစုကျင့်သုံးတဲ့ အကျင့်ထဲမှာ ပါပါတယ်။

(၃) အကြွေးကင်းအောင် ရှင်းပါ

Photo : Pexel

အကြွေးယူပြီး အလုပ်လုပ်တာဟာ စွန့်စားမှု များပါတယ်။ မမှန်ဘူးလို့ မပြောနိုင်ပေမယ့် ဖြစ်နိုင်ရင် အကြွေးကို အရင်ရှင်းပြီးမှ အလုပ်လုပ်တာ ကောင်းပါတယ်။ နောက်တစ်ခု သတိထားသင့်တာက ငွေစုမယ်ဆိုရင်လည်း အရင်ဆုံး အကြွေးတွေ ချေပြီးမှ စုဆောင်းသင့်တယ်။ ဒါမှသာ ကိုယ်စုထားသမျှ အဖတ်တင်မှာ ဖြစ်ပါတယ်။

(၄) Credit Card နဲ့ ဈေးဝယ်ခြင်းကို ရှောင်ကြဉ်ပါ


Photo : Outlook Money

Cash တွေရဲ့ အားသာချက်က ကိုယ်သုံးရင်းနဲ့ ဘယ်လောက် ကုန်သွားပြီဆိုတာကို စိတ်က အလိုလို သိနေတာ ဖြစ်ပါတယ်။ Credit Card နဲ့ ငွေချေရင်တော့ ကဒ်ထဲ ဘယ်လောက်ကျန်သလဲ ဆိုတာလည်း မသိရသလို နောက်ပြီး လစဉ် အတိုးကလည်း တရိပ်ရိပ်တက်နဲ့ သုံးဖို့ လွယ်ပြီး ဆပ်ဖို့ခက်တဲ့ ကိန်းကြုံမှာပါ။ ဒီကနေမှ အကြွေးသံသရာထဲကနေ မထွက်နိုင်တာမျိုး ဖြစ်လာဖို့ ရှိပါတယ်။

Featured Photo : Pexel