အသက်အားဖြင့် (၃၇)နှစ်အရွယ် ရှိပြီဖြစ်ပြီး လာမယ့် စက်တင်ဘာမှာပဲ အသက် (၃၈)နှစ်ပြည့်တော့မယ့် ကစားသမားတစ်ဦးကို တစ်နှစ်လုပ်ခ ယူရို သန်း(၁၂၀)ဆိုတဲ့ ပမာဏကြီးနဲ့ ဆော်ဒီ ကလပ် အသင်းတွေဘက်ကနေ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဒါတွေကို ပယ်ချပြီး သူရဲ့ လက်ရှိကလပ်နဲ့သာ တစ်နှစ် စာချုပ်သက်တမ်း ထပ်တိုးသွားခဲ့ပါတယ်။ သူတော့ လူကာ မိုဒရစ်ပါ။
Photo Credit : Real Madird
၂၀၁၂ခုနှစ်ကတည်းက တော့တင်ဟမ်ဟော့ စပါးအသင်းကနေ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး (၁၁)နှစ်တာ ကာလအတွင်း ဆုဖလား စုစုပေါင်း (၂၃)လုံးအထိ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ခရိုအေးရှား လက်ရွေးစင် ကစားသမားကြီး မိုဒရစ်ဟာ ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ရောက်ရှိနေသည့်တိုင် ဆော်ဒီတွေရဲ့ မက်မောလောက်စရာ ကမ်းလှမ်းချက်တွေကို အကြိမ်ကြိမ် ငြင်းဆန် ပယ်ချထားခဲ့ပြီး ရီးယဲလ်နဲ့ပဲ ဆက်လက် လက်တွဲခဲ့ပါတယ်။
Photo Credit : Total Croatia News
တကယ်တော့ မိုဒရစ်က ဇွန်လအကုန်မှာ ရီးယဲလ်နဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးမှာဖြစ်ပြီး သူ့ကို အလိုရှိနေတဲ့ ကလပ် အသင်းတွေထဲကမှ အကောင်းဆုံးလို့ ထင်ရတဲ့ အသင်းဆီကို စိတ်ကြိုက် ပြောင်းရွှေ့နိုင်ပေမယ့် မိုဒရစ်ကိုယ်တိုင်ကတော့ ကစားသမားဘဝ နောက်ဆုံးချိန်မှာ ငွေထုတ်ပိုက်ပြီး ဆော်ဒီကို ဒိုးသွားဖို့ ဆန္ဒမရှိပဲ သူရဲ့လက်ရှိကလပ် ရီးယဲလ်နဲ့ပဲ စာချုပ် ထပ်မံ ချုပ်ဆိုသွားခဲ့ပါတယ်။ ဒါကြောင့် မိုဒရစ်က ၂၀၂၄ခုနှစ် ဇွန်လအထိ ရီးယဲလ်အသင်းမှာပဲ ဆက်လက် ရှိနေရတော့မှာ ဖြစ်ပါတယ်။
Photo Credit : The Real Champs
ရီးယဲလ်က အသင်းရဲ့ ဝါရင့် ကွင်းလယ် ကစားသမားကြီးတွေ ဖြစ်တဲ့ တိုနီ ကရူးစ် နဲ့ လူကာ မိုဒရစ် တို့ကို တစ်နှစ်စီ သက်တမ်း ထပ်တိုးထားသလို သူတို့ရဲ့နေရာမှာ ရေရှည် အစားထိုးနိုင်မယ့် အင်္ဂလန် ကြယ်ပွင့် ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဘယ်လင်ဟမ်ကိုလည်း ဒေါ့မွန်ကနေ ယူရို (၁၀၃)သန်းနဲ့ ခေါ်ယူထားခဲ့ပါတယ်။ ကရူးစ် မိုဒရစ်တို့အလွန် ရီးယဲလ် ကွင်းလယ်မှာ ဗယ်လ်ဗာဒီ ကာမာဗင်ဂါ ချူအာမန်နီ ဘယ်လင်ဟမ်တို့နဲ့ အကောင်ဆုံး ကွင်းလယ် အစုအဖွဲ့တစ်ခု ပိုင်ဆိုင်နေမှာ အသေအချာပါပဲ။
Featured Photo : BeSoccer