သိပ္ပံပညာရှင်များ၊ တီထွင်သူများသည် စက်ရုပ်အမျိုးမျိုးကို တီထွင်ဖန်တီးလာကြပါတယ်။ စက်ရုပ်များ ဖန်တီးရတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးရှိပါတယ်။ အလုပ်များ လျင်လျင်မြန်မြန်နဲ့ တွင်ကျယ်စွာ ပြီးမြောက်ဖို့ရန်နှင့် လူသားများရဲ့ နေ့စဥ်ဘဝအတွက် အထောက်အကူဖြစ်ရန် စတဲ့ အကြောင်းအမျိုးမျိုးကြောင့် တီထွင်ကြတာဖြစ်ပါတယ်။ ဒီလိုမျိုး လူသားတွေက လူသားတွေအတွက် တီထွင်ဖန်တီးခဲ့တဲ့ စက်ရုပ် တွေက လူသားတွေကို ပြန်လည် စေခိုင်း တော့မှာလား ဆိုတဲ့ မေးခွန်းကလည်း စဥ်းစားစရာပါပဲ။
ထိုမေးခွန်းကို မဖြေခင်မှာ အခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာများကို လေ့လာကြည့်လိုက်ရအောင်။
စက်ရုပ်တွေကို ဘယ်နေရာမှာ အဓိကထား အသုံးပြုကြတာလဲ။
သိပ္ပံ စိတ်ကူးယဥ် ဇာတ်ကားတွေကို ကြည့်ကြည့်မယ်ဆိုရင် စက်ရုပ်တွေကို အမျိုးမျိုး ပုံဖော်ထားတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အချို့ကလည်း လူသားတွေနဲ့ ချွတ်စွပ်တူတဲ့ စက်ရုပ်တွေဖြစ်ပြီး အချို့ကလည်း လူသားတွေထက် ပိုမိုသေးငယ်ပြီး ပိုမိုဥာဏ်ကောင်းကြတာမျိုးပါ။ စက်ရုံ အလုပ်ရုံတွေအတွက် စက်ရုပ်တီထွင်ထုတ်လုပ်ထားတဲ့ ဘတ်ဂျက်ပမာဏကဆိုရင် ၂၀၂၉ မှာ ၃၅.၆၈ ဘီလီယံ ဒေါ်လာရှိပါတယ်။ သူ့နောက်မှာ ကပ်လိုက်နေတာကတော့ ဆေးဘက်ဆိုင်ရာ စက်ရုပ်တွေပဲဖြစ်ပါတယ်။ ထို့နောက်မှာတော့ ကိုယ်တိုင် မောင်းနှင်ကာ ပစ္စည်းများ ပို့ဆောင်ပေးတဲ့ စက်ရုပ်၊ အာကာသဆိုင်ရာ စက်ရုပ်၊ ဆေးရုံသုံး စက်ရုပ်ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ထို့နောက် ဖုန်စုပ်စက်ငယ်များသည်လည်း စက်ရုပ် အသေးစားပဲဖြစ်ပါတယ်။
စက်ရုပ် အသုံးပြုခြင်းရဲ့ ကောင်းကျိုးများ
လူသားတွေအနေနဲ့ စက်ရုပ် အသုံးပြုခြင်းကြောင့် အလုပ်တာဝန်များ ပိုမိုလျင်မြန်စွာ ပြီးမြောက်ခြင်း၊ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာပြီး လုပ်ဆောင်ရာမှာလည်း ပိုမိုတိကျခြင်း၊ ထုတ်ကုန်လည်း ပိုမိုမြင့်မားလာခြင်း အစရှိတဲ့ ကောင်းကျိုးများကို ခံစားရနိုင်ပါတယ်။
စက်ရုပ် အသုံးပြုခြင်းရဲ့ ဆိုးကျိုးများ
စက်ရုပ်တွေသည်လည်း အမှားလုပ်တတ်ကြပါတယ်။ ဆော့ဝဲ Error တက်ခြင်းကြောင့်လည်း အမှားအယွင်းများ လုပ်ဆောင်တတ်ပါတယ်။ ဒါ့အပြင် သူတို့သည် လူသားတွေလိုမျိုး တီထွင်ဖန်တီးနိုင်စွမ်း မရှိပါဘူး။ သူတို့ကို ပရိုဂရမ် ရေးဆွဲထားတဲ့အတိုင်းသာ တသဝေမတိမ်း ပြုလုပ်မှာဖြစ်ပါတယ်။
ဒီအချက်တွေကို သိပြီးသွားပြီဆိုရင်တော့ စောစောက မေးခွန်းလေးဆီသို့ ပြန်လှည့်လိုက်ရအောင်။
စက်ရုပ် တွေသည် ကမ္ဘာကြီးကို ကြီးစိုးလာပြီး လူသားတွေကို စေခိုင်း တော့မှာလား။
အနာဂတ်မှာ စက်ရုပ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာမှာတော့ မှန်ပါတယ်။ သို့သော် စက်ရုပ်တွေသည် လူသားတွေကို ကြီးစိုးလာမှာ ဆိုတာကတော့ မမှန်ကန်တဲ့ ခန့်မှန်းချက်တစ်ခုပဲဖြစ်ပါတယ်။ လက်ရှိမှာ လူနဲ့ ချွတ်စွပ်တူတဲ့ စက်ရုပ်ကတော့ Ameca လို့ အမည်ရပြီး လူသားတွေလိုမျိုး မျက်တောင်ခတ်ခြင်း၊ ပြုံးရယ်ခြင်း၊ လူသားတွေ ကိုယ်လက် လှုပ်ရှားတဲ့အတိုင်း လုပ်ဆောင်ခြင်း၊ လူသားများနှင့် ပြောဆိုဆက်ဆံခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်ပါတယ်။
ကွီးတို့ရော စက်ရုပ်တွေအပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။
Source: Rd
Featured Image: Aiiottalk