နည်းပညာများ တိုးတက်ဖွံဖြိုးလာတာနဲ့အမျှ လူသားတွေအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ကောင်းကျိုးတွေရနေတယ်ဆိုတာ ကျွန်တော်တို့ အသိပဲ ဖြစ်ပါတယ်။ လူသားတွေရဲ့ နေ့စဉ်ဘဝက နည်းပညာများကြောင့် ပိုမိုလွယ်ကူ အဆင်ပြေလာတယ်ဆိုတာ ငြင်းနိုင်မယ်မထင်ပါဘူး။ ဒါ့အပြင် ဒီနေ့ခေတ်မှာ နည်းပညာများကို တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်လာအောင် အပြိုင်အဆိုင် ကြံဆောင်လျက်ရှိပါတယ်။ ယေဘုယျအားဖြင့် နည်းပညာများက လူသားတွေကို အကျိုးပြုနေတာ မှန်သော်လည်းပဲ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နည်းပညာ က ကျွန်ုပ်တို့ကို ဘယ်လို အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေနဲ့ ဝါးမြို နေတယ်ဆိုတာ ဝေမျှပေးမှာ ဖြစ်ပါတယ်။

လူသားများအတွက် အလုပ်အကိုင်များ ရှားပါလာနိုင်ခြင်း

နည်းပညာ ဝါးမြို

Photo : HRM Asia

နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ယနေ့ခေတ်မှာ လူသားလုပ်သားများရဲ့ နေရာမှာ စက်ရုပ်တွေ၊ AI နည်းပညာတွေကို အစားထိုး အသုံးပြုဖို့ ကြိုးစားနေလျက်ရှိပါတယ်။ ဒီအချက်က လူသားများအတွက် အန္တရာယ်ရှိသော လုပ်ငန်းခွင်များ၊ လူသားများကိုယ်တိုင်ပြုလုပ်ရန် မသင့်တော်သော လုပ်ငန်းခွင်များအတွက် အဆင်ပြေသော်လည်း နောက်ပိုင်းတွင် အလုပ်နေရာတော်တော်များများကို နည်းပညာနဲ့ အစားထိုးလာနိုင်ခြေရှိတာက လူသားများအတွက် အလုပ်အကိုင်ရှားပါးမှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် ခေတ်မီနည်းပညာကို အသုံးပြုသည့် ကုမ္ပဏီများ များပြားလာသည်နှင့်အမျှ မကြာမီကာလအတွင်း အလုပ်အကိုင်များ ပိုမိုဆုံးရှုံးနိုင်ဖွယ်ရှိနေတယ်လို့ ပညာရှင်များက ဆိုထားပါတယ်။

အချိန်နဲ့ ပျော်ရွှင်မှုကို ထိခိုက်လာခြင်း

နည်းပညာ ဝါးမြို

Photo : Medical News Today

မိတ်ဆွေတို့ရေ နည်းပညာ က ကျွန်ုပ်တို့ရဲ့ အချိန်နဲ့ ပျော်ရွှင်မှုကို ဝါးမြို နေတယ်ဆိုတာ သတိထားမိပါသလား။ အထူးသဖြင့် ကျွန်တော်တို့ လူငယ်တော်တော်များများက Facebook၊ Instagram၊ Twitter အစရှိတဲ့ နည်းပညာများရဲ့ ဖွံဖြိုးတိုးတတ်မှုရဲ့ ပြယုဒ်တစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာများကို အသုံးပြုမှုများပြားလာကြပြီး စွဲလမ်းလာကြပါတယ်။ ထိုသို့ စွဲလမ်းလာမှုနဲ့အတူ အချိန်တော်တော်များများကို ထိုအထဲမှာသာ ကုန်ဆုံးနေကြပြီး အခြားလုပ်ဆောင်စရာရှိတာများကို လွဲချော်လာပြီး ကိုယ့်ဘဝ တိုးတက်မှုအတွက် ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လေ့လာမှုတစ်ခုအရ ဆိုရှယ်မီဒီယာ အသုံးပြုတာ များလွန်းခြင်းက ပျော်ရွှင်မှုကို လျော့နည်းစေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အိပ်စက်မှုစက်ဝန်းကို ထိခိုက်လာခြင်း

နည်းပညာ ဝါးမြို

Photo : Global Youth Program

အရွယ်ရောက်ပြီးသူ တော်တော်များများ ကျွန်တော်တို့ အပါအဝင် ညအိပ်ခါနီးအထိ အိပ်ရာပေါ်မှာ ဖုန်းသုံးလေ့ရှိကြပါတယ်။ ဒါကတော်တော်လေးကို ကျွန်တော်တို့ရဲ့ အိပ်စက်မှုအတွက် ထိခိုက်စေတဲ့ အရာ ဖြစ်ပါတယ်။ The Washington Post ရဲ့ ဖော်ပြချက်အရ “မိုဘိုင်းလ်စက်ပစ္စည်းတွေရဲ့ ဖန်သားပြင်တွေက ထုတ်လွှတ်တဲ့ အပြာရောင်အလင်းဟာ အိပ်ရေးပျက်ခြင်းနဲ့ ဆက်နွှယ်နေပါတယ်။ ဒါ့အပြင် မိုဘိုင်းလ်စက်ပစ္စည်းမှတစ်ဆင့် ဂိမ်းတွေ ဒါမှမဟုတ် ဆွဲဆောင်မှုရှိတဲ့ ဆိုရှယ်မီဒီယာပုံစံတွေကို အသုံးပြုခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေကို ဖြစ်စေနိုင်ပါတယ်” လို့ဆိုပါတယ်။ ဒီအချက်က အိပ်ချိန်ကို ထိခိုက်စေသည်သာမက အိပ်ပျော်မှုကို နှောင့်နှေးစေပါတယ်။ အိပ်ရေးမဝခြင်းက ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့ ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်စေပါတယ်။

ချစ်ခင်ရသူတွေနဲ့ ရင်းနှီးမှုကို လျော့ကျစေတယ်

Photo : iStock

တစ်ခါတစ်လေ အားလပ်ရက်မှာတောင် ကျွန်တော်တို့ဟာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အချိန်မဖြုန်းဘဲ ဖုန်းကိုသာ သုံးနေတတ်ကြပါတယ်။ ဒါက အခုနောက်ပိုင်းမှာ ပိုပြီး ဖြစ်လာတဲ့ အလေ့အထပါပဲ။ ဒါ့အပြင် စုံတွဲများရဲ့ ၂၅ ရာခိုင်နှုန်းက အိမ်ထောင်ဖက် သို့မဟုတ် လက်တွဲဖော်တို့နဲ့ အတူရှိနေချိန်မှာ ဖုန်းအသုံးပြုမှုကြောင့် တစ်ယောက်နဲ့ တစ်ယောက်အာရုံစိုက်မှု‌နဲ့ အလေးပေးမှုလျော့ကျကာ ဆက်ဆံရေးမှာ မပြေလည်မှုတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအချက်က အချိန်မှီ သတိထားမပြင်ဆင်ခဲ့ပါက ကျွန်တော်တို့ ချစ်ရသူတွေနဲ့ ပိုပြီးဝေးကွာစေပါတယ်။

Cyberbullying

Photo : Florida Atlantic University

နည်းပညာရဲ့ တိုးတက်မှုနဲ့အတူ နည်းပညာကို အသုံးချပြီး Cyberbullying လုပ်တာများလည်း ရှိလာပါတယ်။ Cyberbullying ဆိုတာကတော့ တစ်စုံတစ်ဦးကို ထိခိုက်ရန် သို့မဟုတ် အရှက်ရစေရန် ရည်ရွယ်သည့် မက်ဆေ့ချ်များ၊ ကော်မန့်များ၊ ပို့စ်တင်ရန် အင်တာနက်၊ ဆဲလ်ဖုန်းများ၊ အမျိုးစုံသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၊ နည်းပညာများကို အသုံးချပြီး ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတစ်ဦးတည်းနဲ့ ဆိုင်သော ကိုယ်ရေးကိုယ်တာများ၊ ဓာတ်ပုံများကို အွန်လိုင်းပေါ်မှာတင်ခံရပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရတဲ့ Cyberbullying ရဲ့ သားကောင်းများလည်း ရှိခဲ့ပါတယ်။ Cyberbullying လုပ်ခံခဲ့ရသူများဟာ စိတ်ပိုင်းဆိုင်ရာများစွာ ထိခိုက်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ ဆိုးရွှားတဲ့ ဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါက နည်းပညာ ကို မဟုတ်မှန်သော နည်းဖြင့်အသုံးချက လူသားများရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ဆိုးဝါးစွာ ဝါးမြို ခြင်းတစ်မျိုးပါပဲ။

နည်းပညာ ကို ကျွန်တော်တို့အနေနဲ့ ဘက်ပေါင်းစုံကနေ အကျိုးရဖို့သာ သတိရှိရှိအသုံးချရမှာ ဖြစ်ပြီး နည်းပညာရဲ့ ဝါးမြို ခြင်းမခံရအောင် သတိပြုနိုင်ဖို့ ဒီ‌‌ဆောင်ပါးလေးကနေ ဝေမျှပေးလိုက်ပါတယ်။

Source : DYOPATH

Featured Photo : ASIS International