ကွီးတို့ရဲ့ ဖက်ရှင်စတိုင်လ်ကို အမျိုးမျိုးသော အသုံးအဆောင်တွေက မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအထဲမှာ ခါးပတ်တွေကလည်း အပါအဝင်ပါပဲ။ အမျိုးသားတိုင်းမှာ ခါးပတ်ကောင်းကောင်း ၁ ခု ဒါမှမဟုတ် ၂ ခုလောက်တော့ ရှိသင့်ပါတယ်။ ခါးပတ်တွေကို‌ ရွေးချယ်ဝယ်ယူရတာ လွယ်ကူတယ်လို့ ထင်ရသော်လည်းပဲ သေချာမရွေးချယ်ရင် အဆင်မပြေတာတို့၊ ကိုယ်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ မလိုက်ဖက်တာတို့ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ စတိုင်လ် ဒါမဟုတ် ဖက်ရှင်နဲ့ မလိုက်ဖက်သော ခါးပတ်တွေက ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှု အလုံးစုံကို ပျက်စီးစေနိုင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ရဲ့ စတိုင်လ်ကို တစ်ဆင့်မြှင့်ဖို့ အရေးပါတဲ့ ခါးပတ်တွေ ရွေးချယ်ရမှာ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ခါးပတ် အရွယ်အစားများ

စတိုင်လ်ကို တစ်ဆင့်မြှင့်ဖို့

Photo : Suits Experts

ခါးပတ်များကို ရွေးချယ်ရမှာ ကွီးတို့နဲ့ သင့်တော်တဲ့ အရွယ်အစားကို ရရှိဖို့ အရေးကြီးပါတယ်။ ခါးပတ်များမှာ များသောအားဖြင့် အတိုင်းအတာကို ချိန်ညှိနိုင်တဲ့ အ‌ပေါက် ၅ ပေါက် ပါဝင်ပါတယ်။ အပေါက်မျိုးစုံက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို အပြောင်းအလဲအတွက် နေရာအချို့ပေးထားပြီး ဘယ်လို ဘောင်းဘီနဲ့မဆို ဝတ်ဆင်နိုင်စေဖို့ ပြုလုပ်ထားတာ များပါတယ်။ ခါးပတ်အများစုက လူတိုင်းဝတ်ဆင်နိုင်အောင် Sizes မျိုးစုံ ဖန်တီးထားသော်လည်း တစ်ခါတစ်လေမှာ ပိန်လွန်းသော ခန္ဓာကိုယ်တွေအတွက် ခါးပတ်မှာပါတဲ့ အပေါက်တွေက မတော်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အရွယ်အစားမှန်ကန်ဖို့ ဝယ်ယူစဉ်ကတည်း ကိုယ်တိုင်ဝတ်ဆင် ဝယ်ယူတာ ပိုကောင်းပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ လိုက်ဖက်မှု ရှိမရှိ၊ သက်တောင့်သက်သာ ရှိမရှိဆိုတာ သေချာရွေးချယ်ဝယ်ယူပါ။

ခါးပတ်အမျိုးအစား

စတိုင်လ်ကို တစ်ဆင့်မြှင့်ဖို့

Photo : Dalgado

ခါးပတ်တွေကို ပစ္စည်းအမျိုးမျိုးမှ ထုတ်လုပ်နိုင်ပြီး ဈေးကွက်မှာလည်း အမျိုးစုံသော ခါးပတ်တွေကို တွေ့နိုင်ပါတယ်။ အကယ်၍ ကွီးတို့က အနက်ရောင်၊ အညိုရောင်ခါးပတ်တွေကို လိုချင်ရင် ချောမွတ်သောသား ရေဖြင့်ပြုလုပ်ထားသော ခါးပတ်များကို ရွေးချယ်နိုင်ပါတယ်။ ဒီလို သားရေခါးပတ်တွေက အရည်အသွေးအမြင့်မားဆုံးဖြစ်ပြီး ကွီးတို့ရဲ့ ဝတ်သားဆင်ယင်မှုကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ပေါ့ပေါ့ပါးပါး ခါးပတ်တွေကို ရွေးချယ်မယ်ဆိုရင်တော့ နေ့စဥ်ဝတ်ဖို့ ခံနိုင်ရည်ရှိတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခါးပတ်တွေကို ရွေးချယ်နိုင်ပါတယ်။ ဒီလို ခါးပတ်တွေက သားရေခါးပတ်တွေထက် ပိုအသုံးဝင်တာ တွေ့ရပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ကိုယ့်အတွက် သက်တောင့်သက်သာရှိပြီး အမှန်တကယ်အသုံးဝင်မယ့် ခါးပတ် အမျိုးအစားကို ရွေးချယ်ဝယ်ယူဖို့ လိုပါတယ်။

ဝတ်ဆင်မယ့်နေရာ အလိုက် ရွေးချယ်တတ်ပါစေ

Photo : Castilla Estructuras

ခါးပတ်တွေကို ဝယ်တဲ့အခါ စဉ်းစားရမယ့်အချက်က ကွီးတို့ ဘယ်နေရာမှာ ဝတ်ဆင်မလဲဆိုတာပါပဲ။ ပွဲအခမ်းအနားအတွက်လား နေ့စဉ်ပုံမှန် ပေါ့ပေါ့ပါးပါးလား၊ ကွီးတို့ရဲ့ ရည်ရွယ်ချက်ကို သေချာသိပါစေ။ ပွဲအခမ်းအနားဖြစ်စေ၊ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုကို သေချာအလေးထားဖို့ လိုအပ်တဲ့ နေရာတွေမှာ ခါးပတ်ကို အနည်းငယ် တောက်ပြောင်တာမျိုး ရွေးချယ်နိုင်ပါတယ်။ နေ့စဉ် ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီနဲ့ ဖြစ်စေ၊ ဘောင်းဘီတိုတစ်ထည်နဲ့ ဖြစ်စေ တွဲဖက်ဝတ်ဆင်ဖို့ဆိုရင် သိပ်မတောက်ပြောင်ဘဲ ဘာနဲ့မဆို လိုက်ဖက်တဲ့ ခါးပတ်ကို ရွေးချယ်နိုင်ပါတယ်။ ဒီလိုမျိုး ခါးပတ်တွေက အနည်းငယ် အပြားပိုကြီးသော ဒီဇိုင်းရှိတတ်ပါတယ်။ ကွီးတို့ရဲ့ ဖက်ရှင်နဲ့ စတိုင်လ်အတွက် ပွဲအခမ်းအနားနဲ့ လိုက်ဖက်တဲ့ ခါးပတ်တစ်ခုနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်တဲ့ ခါးပတ်တစ်ခုတော့ ရှိသင့်ပါတယ်။

ကွီးတို့ရဲ့ စတိုင်လ်ကို တစ်ဆင့်မြှင့်ဖို့ ကူညီပေးနိုင်တဲ့ ခါးပတ်လေးတွေ ဘယ်လို ရွေးချယ်ရမလဲဆိုတာ ယေဘုယျအားဖြင့် ဖော်ပြပေးလိုက်ပါတယ်။ ဆက်လက်ပြီး ဒီလိုအသုံးဝင်တဲ့ ဖက်ရှင် Tips လေးတွေ ဝေမျှပေးဦးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။

Source : Dalgado, Over Under Clothing

Featured Photo : Dalgado