မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို က အသင်းနဲ့ ၎င်းရဲ့ကြားက အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သတ်ပြီး လာမယ့် သီတင်းပတ် ၂ ပတ်အတွင်းက အင်တာဗျူးတစ်ခုမှာ ‘အမှန်တရား’ ဖော်ထုတ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ယခုနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ စိတ်အားပြင်းပြနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကစားနိုင်တဲ့ ကလပ်အသင်းတစ်ခုဆီကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။

Photo : Daily Mail

ရော်နယ်ဒိုဟာ ဘရန့်ဖို့ဒ်အိမ်ကွင်းမှာ ၄ – ၀ ဂိုးရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မတိုင်မီ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းမှာပါဝင်ခွင့်မရခဲ့ပဲ အရန်ခုံမှာသာ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂါနေ့ညက Sportsmail မှာ ဖော်ပြခဲ့တဲ့သတင်းမှာတော့ ယူနိုက်တက်ဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ရော်နယ်ဒိုကို ရောင်းချမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူးကတော့ သူရဲ့အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေထံ တုန့်ပြန်မှုတစ်ခုပြုလုပ်ခဲ့ပြီး မီဒီယာတွေက လိမ်ညာပြောဆိုနေတာပါလို့ စွပ်စွဲခဲ့ပါတယ်။ ရော်နယ်ဒို က သူနဲ့ပတ်သက်ပြီး ရေးသားဖော်ပြတဲ့ သတင်းဆောင်းပါးတွေထဲမှာ ၁၀၀ မှာ ၅ ခုလောက်သာ မှန်ကန်တယ်လို့ ဆိုပါတယ်။

Photo : Daily Mail

ရော်နယ်ဒိုရဲ့ အင်စတာဂရမ်မှာတော့ ” နောက်သီတင်းပတ် ၂ ပတ်အကြာမှာ အင်တာဗျူးတဲ့အခါ သူတို့ အမှန်တရားကို သိလာမယ်။ အခုမီဒီယာတွေက အလိမ်အညာတွေ ပြောဆိုရေးသားနေတာပါ။ ကျွန်တော့်မှာ မှတ်စုစာအုပ်တစ်အုပ် ရှိတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်မှာ ကျွန်တော့်အကြောင်းရေးသားထားတဲ့ သတင်းတွေကို ကျွန်တော်လိုက်မှတ်ထားခဲ့တယ်။ သတင်းအပုဒ် ၁၀၀ မှာ ၅ ပုဒ်လောက်ပဲ မှန်ကန်မှု ရှိပါတယ်။ စဉ်းစားကြည့်ပါ အဲ့ဒါ အမှန်တရားနဲ့ ဘယ်လောက်နီးစပ်မှု ရှိလဲဆိုတာ” လို့ ရေးသားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေရှိနေချိန်မှာပဲ ယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲ တော်တော်များများနဲ့ လွဲချော်ခဲ့ပါတယ်။ ကလပ်အသင်းဘက်ကတော့ ရော်နယ်ဒိုရဲ့ ပုဂ္ဂိုလ်ရေးရာကိစ္စတွေကြောင့် အသင်းနဲ့ပူးပေါင်းဖို့ ပျက်ကွက်ခဲ့တာဖြစ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရာသီအစမှာကတည်းက ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ရော်နယ်ဒို ကတော့ ဘရိုက်တန်နဲ့ ပွဲမှာ လူစားဝင်လဲဝင်ရောက်ကစားခဲ့ရပြီး ဘရန့်ဖို့ဒ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာတော့ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

Photo : Daily Mail

ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။ နိုင်ပွဲ ၁ ပွဲ မဖြစ်မနေရရှိဖို့ လိုအပ်နေတဲ့ နည်းပြတန်ဟတ်ရဲ့ ယူနိုက်တက်အသင်းကတော့ လာမယ့် တနင်္လာနေ့ညမှာ လီဗာပူးအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Featured Photo : Daily Mail