Relationships တိုင်းဟာ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာအပေါ် မတူညီတဲ့ နည်းလမ်းမျိုးနဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။ အချို့ဆက်ဆံရေးတွေက ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို ပိုမိုပံ့ပိုးပေးပြီး လုံခြုံနွေးထွေးတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပေမယ့် အချို့ကတော့ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေအားလုံးကို ယိုင်နဲ့ပျက်စီးသွားစေပြီး စိတ်ဖိစီးခြင်း ၊ ဒေါသထွက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဆိုတဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်ပါတယ်။ တကယ်လို့ ကွီးတို့က စိတ်ကင်ဆာ ရနေတဲ့ Relationship တစ်ခုမှာ နစ်မွန်းနေရတယ်ဆိုရင် အမြန်ဆုံးရုန်းထွက်လိုက်ပါ။ အခုပြောပြမယ့် အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ ကွီးတို့က စိတ်ကင်ဆာ ရနေတဲ့ Relationship တစ်ခုထဲမှာ ပိတ်မိနေတာ ဖြစ်နိုင်ပါတယ်။

(၁) အချိန်တိုင်းနီးပါး စိတ်ဓာတ်ကျနေမယ်

toxic relationship

Photo : Verywell Mind

Lower-Quality Relationship နဲ့ စိတ်ဓာတ်ကျခြင်းကြား ဆက်နွယ်မှုတွေ အများကြီး ရှိတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ကွီးတို့ရဲ့ဘဝမှာ တဖြည်းဖြည်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာနေပြီး အမြဲတမ်းလိုလို စိတ်ဓာတ်ကျသလို ခံစားနေရတယ်ဆိုရင်တော့ စိတ်ကင်ဆာ ရနေတဲ့ Relationship ထဲမှာပိတ်မိနေလို့ ဖြစ်နိုင်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတစ်ခုဟာ ကွီးတို့ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အဆိုးဆုံးအထိ ဆွဲချသွားနိုင်စွမ်း ရှိပါတယ်။

(၂) ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာမယ်

toxic relationship

Photo : Parade

စိတ်နဲ့ရုပ်ဟာ အမြဲတမ်း ဆက်စပ်နေလေ့ရှိပါတယ်။ စိတ်မပျော်ရင် ကိုယ်လည်းမလန်းနိုင်ပါဘူး။ သုတေသီတွေကတော့ Relationships တစ်ခုရဲ့ ဆက်ဆံရေးအခြေအနေဟာ ကျွန်တော်တို့ရဲ့ နှလုံးသွေးကြောဆိုင်ရာစနစ် ၊ ကိုယ်ခံစွမ်းအား ၊ အာရုံကြောနဲ့ အခြားသော ဇီဝကမ္မယန္တရားလည်ပတ်မှုတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆက်ဆံရေးတစ်ခု တစ်နည်းအားဖြင့် စိတ်ကင်ဆာ ရနေတဲ့ဆက်ဆံရေးတစ်ခုဟာ စိုးရိမ်ပူပန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းတို့ကို ဖြစ်စေနိုင်သလို ခေါင်းကိုက်ခြင်း ၊ အိပ်မပျော်ခြင်းနဲ့ ကြွက်သားများ နာကျင်ခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။

(၃) ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အကျင့်တွေ လုပ်လာမိမယ်

toxic relationship

Photo : Blue Jean Nation

Relationship နဲ့ဆက်စပ်ပြီး ဖြစ်တည်လာတဲ့ အတွေးတွေကနေတဆင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်တွေ လုပ်နေမယ်ဆိုရင်တော့ ဒါဟာကွီးတို့ရဲ့ စိတ်ကင်ဆာ ရနေတဲ့ ဆက်ဆံရေးကနေ အမြန်ဆုံးရုန်းထွက်ဖို့ပြနေတဲ့ အချက်ပြလက္ခဏာ တစ်ခုပါပဲ။ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတစ်ခုမှာ ပိတ်မိနေသူတွေအနေနဲ့ အရက်အလွန်အကျွံ သောက်တာ ၊ အစားပုံမှန် မစားတာ ၊ စီးကရက်တွေ အလွန် အကျွံသောက်တာ ၊ အိပ်ချိန်တွေ နည်းလာတာ စတဲ့အချက်တွေ အပါအဝင် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အကျင့်တွေကို ဆက်တိုက် လုပ်မိလာနိုင်တယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေ လျော့ကျလာမယ်

toxic relationship

Photo : Her Norm

စိတ်ကင်ဆာ ရနေတဲ့ Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အပြစ်တင်တာ ၊ ယုံကြည်မှု ဖျက်စီးတာ ၊ လေးစားမှု ချိုးဖောက်ခံရတာတွေ အများကြီး ရှိနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေ လျော့ကျလာပြီး ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးမှု ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုတွေ ယုတ်လျော့လာမှာ ဖြစ်ပါတယ်။

ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ ကွီးတို့ စိတ်ကင်ဆာ ရနေတဲ့ Relationship ထဲမှာ ပိတ်မိနေပါပြီ။ အမြန်ဆုံး ရုန်းထွက်ဖို့သာ ပြင်ဆင်ထားဖို့ အကြံပေးချင်ပါတယ်။

Featured Photo : Glam