လူတိုင်းသည် စိတ်ဓာတ်ကျတဲ့ ခံစားချက်ကို ခံစားဖူးကြသူတွေ ချည်းပါပဲ။ ဒီလိုမျိုး စိတ်ဓာတ်ကျ နေချိန်မှာ စိတ်ခွန်အားတက်စေပြီး ဘဝသင်ခန်းစာ များ ရစေမယ့် ဇာတ်ကား ကောင်းများကို ကြည့်ရှုခြင်းသည် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ကြည့်နေစဉ်မှာ စိတ်အပန်းပြေရမှာဖြစ်သလို စောစောက စိတ်ညစ်စရာများကိုလည်း အကောင်းဘက်က ရှု့မြင်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားပေးဖို့ လိုအပ်ပါတယ်။

ကွီးတို့ စိတ်ဓာတ်ကျ နေချိန်မှာ ဘယ်လို ဇာတ်ကား ကောင်းများကို ကြည့်ရှုသင့်သလဲဆိုတော့ …

Bruce Almighty

ဒီဇာတ်ကားကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ထိုဇာတ်ကားထဲက အဓိကဇာတ်ဆောင်သည် တီဗွီသတင်းထောက်တစ်ယောက်ဖြစ်ပြီး သူ့မှာ မကောင်းတဲ့ကိစ္စရပ်များ တစ်ခုပြီးတစ်ခုဖြစ်ပျက်နေတာဖြစ်ပါတယ်။ ဘုရားက အလုပ်ကောင်းကောင်းမလုပ်ဘူးလို့တောင် အပြစ်ဖွဲ့နေတာဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဘုရားက သူ့အရှေ့မှာ ကိုယ်ထင်ပြပြီး သူ့ကိုအစွမ်းတွေအားလုံးပေးကာ သူ့ကိုယ်စား  ကိစ္စရပ်များကို စီမံဆောင်ရွက်စေပါတယ်။ ထိုအချိန်မှာပဲ သူ့ရဲ့ဘဝအတွက် သင်ခန်းစာရစရာတွေဖြစ်လာပါတယ်။

အားလပ်ရက်လေးမှာ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

The Peaceful Warrior

ဒီဇာတ်ကားကတော့ Way Of The Peaceful Warrior ဆိုတဲ့ စာအုပ်ကို အခြေခံကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ Dan ဆိုတဲ့ ကောင်လေးသည် ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူသည် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လည်းဖြစ်သလို သူငယ်ချင်းကောင်းတွေလည်း အများအပြားရှိပါတယ်။ ဒါတင်မကသေးပါဘူး။ အားကစားပိုင်းမှာလည်း နာမည်ကြီးကျော်ကြားတဲ့လူငယ်တစ်ယောက်ပါ။ သို့သော် ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် ယာဉ်မတော်တဆမှုဖြစ်ကာ သူ့ရဲ့ယခင်ကရှိခဲ့တဲ့အရာအားလုံး ပျောက်ကွယ်သွားပါတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သူ့မှာ ညဘက် အိပ်မပျော်တဲ့ရောဂါစွဲကပ်လာပါတော့တယ်။ တစ်ညမှာတော့ သူသည် လမ်းညွှန်ချက်တစ်ခုရပြီး ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။

စိတ်ဓာတ်ကျ နေချိန်မှာ ကြည့်ရှုသင့်တဲ့ ဇာတ်ကား ကောင်းတစ်ကားပဲဖြစ်ပါတယ်။

Click

ဒီဇာတ်ကားကတော့ မှော်ဆန်တဲ့ရီမုတ်တစ်ခုကို ရရှိပိုင်ဆိုင်သွားတဲ့ လူတစ်ယောက်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ထိုရီမုတ်သည် အချိန်ကို ကြိုက်သလိုစီမံနိုင်အောင် ကူညီပေးတဲ့ ရီမုတ်တစ်ခုဖြစ်ပါတယ်။ သူသည် ထိုရီမုတ်ကို အသုံးချကာ ပျင်းရိဖွယ်ကောင်းတဲ့အချိန်တွေကို ရစ်ပစ်လေ့ရှိပါတယ်။ သို့သော် ထိုကဲ့သို့ စိတ်ကြိုက်စီမံခြင်းရဲ့နောက်ကွယ်မှာတော့ အကျိုးဆက်တွေရှိစမြဲပါပဲ။ ထိုအကျိုးဆက်တွေကို သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးထဲမှာ အဖြေရှာကြည့်လိုက်ပါ။

ရယ်ရွှင်ကြည်နူးဖို့လည်းကောင်းသလို တစ်ချက်တစ်ချက်မှာလည်း ဝမ်းနည်းဖို့ကောင်းပါလိမ့်မယ်။ ဘဝသင်ခန်းစာကောင်းကောင်းပေးစွမ်းမယ့်ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ကြည့်သင့်ပါတယ်။

Forrest Gump

Forrest Gump ကတော့ ညွှန်းနေစရာမလိုလောက်အောင် ကောင်းလွန်းတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးသည် ၁၉၈၆ ခုနှစ်က ထွက်ရှိထားတဲ့ ဝတ္ထုကို အခြေခံကာ ရိုက်ကူးထားတာဖြစ်ပါတယ်။

Forrest Gump ဆိုတဲ့ လူငယ်သည် ဉာဏ်ရည်နိမ့်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူသည် သူ့ရဲ့ငယ်ချစ်ဦးဖြစ်သူ ဂျင်းနီနဲ့ ပြန်လည်ဆုံဆည်းချင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သို့သော် သမိုင်းအလှည့်အပြောင်းတစ်ကွေ့က သူ့ဘဝအပေါ် ဘယ်လိုရိုက်ခတ်မလဲဆိုတာကိုတော့ Forrest တစ်ယောက်မသိသေးပါဘူး။

The Bucket List

ဒီဇာတ်ကားလေးမှာတော့ အဆုတ်ကင်ဆာကြောင့် ဆေးရုံတက်နေရတဲ့လူကြီးနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

သူတို့နှစ်ယောက်က ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်သွားကြတဲ့အခါမှာတော့ သူတို့မသေခင်မှာ လုပ်ချင်တဲ့အရာတွေကို စာရင်းပြုစုပြီး ထိုအရာများကို အကောင်အထည်ဖော်ဖို့ခရီးအတူတူထွက်လာခဲ့ကြပါတော့တယ်။

ဒီဇာတ်ကားလေးကို ကြည့်ရှုပြီးတဲ့နောက်မှာတော့ စိတ်ခံစားချက်တစ်စုံတစ်ရာ ထင်ကျန်ရစ်မယ်လို့ မျှော်လင့်မိပါတယ်။

The Pursuit Of Happyness

အရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ အမျိုးသားတစ်ယောက်သည် ဘဝမှာ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ အလုပ်ကလည်းအဆင်မပြေ၊ အမျိုးသမီးက ထားခဲ့၊ အကြောင်းအမျိုးမျိုးကြောင့် အိမ်လည်း ဆုံးခဲ့ရတဲ့အခြေအနေဖြစ်လာပါတယ်။

ထိုအခက်အခဲများကြားမှ သူ့သားကို ကောင်းကောင်းမွန်မွန်နေထိုင်နိုင်အောင် ကြိုးစားနေရတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ ဇာတ်ရှိန်တဖြည်းဖြည်းမြင့်တက်လာအောင် ဆွဲဆောင်ပြီး ရုပ်ရှင်ကြည့်သူများကို တဖြည်းဖြည်းနဲ့ ရုပ်ရှင်ထဲ နစ်ဝင်သွားအောင် ဆွဲဆောင်နေတာဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ကိုယ့်အိပ်မက်အတွက် အရှုံးမပေးခြင်း၊ ဇွဲ၊ လုံ့လရှိခြင်းတို့အပြင် အဖေတစ်ယောက်ရဲ့ သားတစ်ယောက်အပေါ်ထားရှိတဲ့ ချစ်ခြင်းတရားများကို တွေ့မြင်နိုင်ပါတယ်။

Yes Man!

ဒီဇာတ်ကားလေးကတော့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဘဏ်ဝန်ထမ်းတစ်ဦးသည် ဘဝမှာ ကြုံတွေ့ရတဲ့ အရာတိုင်းကို အမြဲတမ်း ငြင်းဆန်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဟောပြောပွဲတစ်ခု တက်ရောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ထိုဟောပြောပွဲရဲ့ ဟောပြောချက်များအရ သူ့ရဲ့အတွေးအမြင်တွေ အားလုံးပြောင်းလဲသွားပြီး အရင်ကနဲ့ မတူတော့ပါဘူး။

ဒီရုပ်ရှင်လေးက သင့်ကို အတွေးပေါင်းမြောက်မြားစွာနဲ့ စဉ်းစားခန်း ဝင်စေမယ့် ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။

Shawshank Redemption

Prison Break ဆိုတဲ့ နာမည်ကြီးစီးရီးဇာတ်ကားသည် ဒီဇာတ်ကားကို အကြံဉာဏ်အချို့မှီငြမ်းကာ ဇာတ်အိမ်တည်ဆောက်ခဲ့တယ်ဆိုတာ သိသာပါတယ်။

စိတ်ဓာတ်ကျ ဇာတ်ကား

Photo Source: Entertainment Weekly

Andy Dufresne ဆိုတဲ့ အောင်မြင်တဲ့ဘဏ်လုပ်ငန်းရှင်တစ်ယောက်သည် သူ့ရဲ့ဇနီးမယားကို သတ်လိုက်တဲ့အတွက်ကြောင့် တစ်သက်တစ်ကျွန်းထောင်ဒဏ်အကျခံခဲ့ရပါတယ်။

သင့်ရဲ့မျှော်လင့်ချက်သည် သင့်ကို ဘဝအတွေ့အကြုံများစွာ ပေးစွမ်းမှာဖြစ်ကြောင်း ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘဝသင်ခန်းစာရရှိစေမယ့် ဇာတ်ကားကောင်းတစ်ကားထဲမှာ သူလည်း ပါဝင်ပါတယ်။

ကွီးတို့အနေနဲ့ စိတ်ဓာတ်ကျ နေချိန်မှာ စိတ်ကို အဆုံးထိ လွှတ်မချလိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခွန်အားပေးဖို့ဆိုရင် အခုလိုမျိုး စိတ်ဓာတ်မြင့်တင်ပေးမယ့် ဇာတ်ကား ကောင်းလေးတွေရဲ့ အကူအညီလိုအပ်ပါတယ်။ စိတ်ညစ်စရာများကိုလည်း အကောင်းဘက်က ရှုမြင်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားပေးလိုက်ပါ။

Source: Personalexcellence

Featured Image Source: Uswitch