ရုပ်ရှင်လောကသားတွေနဲ့ ဖက်ရှင်ဆိုတာ အပ်နဲ့ အပ်ချည်လို တစ်တွဲတည်း မြင်ရတဲ့ အတွဲအစပ်လို့ ဆိုနိုင်ပါတယ်။ မျက်လုံးပေါင်း တစ်သောင်းအောက်မှာ နေရတဲ့ သူတွေ ဖြစ်လို့ သူတို့ရဲ့ ရုပ်ရည်သွင်ပြင် ၊ အသွားအလာ အနေအထိုင်ကအစ ဝတ်ပုံစားပုံအဆုံး လူတွေ အားကျအတုယူအောင် ဝတ်စားနေထိုင်ရတာပါ။ ဒီလို လူတွေထဲကမှ ဟောလီဝုဒ် ရုပ်ရှင်နယ်ပယ်သားတွေအတွက်တော့ ပိုလို့တောင် စတိုင်နဲ့ ဖက်ရှင်က အရေးကြီးလှတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့်ပဲ ဖက်ရှင် Upgrade လုပ်ချင်တဲ့ အမျိုးသားတွေအတွက် ဟောလီဝုဒ်မင်းသားတွေဟာ အတုယူစရာဖြစ်လာပါတယ်။ ဒီတစ်ခေါက်ကတော့ ဖက်ရှင်ချစ်တဲ့ အမျိုးသားတို့ အတုယူစရာ ဖက်ရှင် ပိုင်း Stylish အဖြစ်ဆုံး ဟောလီဝုဒ်  မင်းသား ၅ ဦးအကြောင်း မျှဝေပေးသွားမှာပါ။

(၁) Bradley Cooper

Bradley Cooper

Photo : pinkvilla

မင်းသားကြီး ဘရက်ဒလေ ကူးပါးကို People Magazine က Sexy အဖြစ်ဆုံး ရုပ်ရှင် မင်းသား အဖြစ် သတ်မှတ်ထားပါတယ်။ ကူးပါးက Casual ဖက်ရှင်လောကမှာ ယောကျာ်းလေးတိုင်း အားကျအတုယူရလောက်အောင် ဖက်ရှင် မိတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ The Hangover (2009) ၊ Limitless (2011) ၊ Silver Linings Playbook (2012) စတဲ့ ရုပ်ရှင်တွေမှာ အထာကျကျ သရုပ်ဆောင်သလို ရုပ်ရှင်တိုင်းမှာလည်း သူ့ရဲ့ ဝတ်စားဆင်ယင်မှု ၊ ဆံပင်ပုံနဲ့ ကိုယ်နေဟန်ထားဟာ ယောကျာ်းလေးတိုင်း အတုခိုးချင်လောက်အောင် စမတ်ကျပါတယ်။ အသက် ၄၇ နှစ် ရှိပြီ ဖြစ်လို့ ရင့်ကျက်တဲ့ လူကြီးပိုင်း ရောက်နေတာတောင် သူ့ရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရှင် ၊ ဆွဲငင်မှုအပြည့်ရှိတဲ့ အကြည့် နဲ့ စမတ်ကျတဲ့ ဖက်ရှင်က အခုထိ တောက်ပနေတုန်းပါပဲ။

(၂) Ryan Gosling

Ryan Gosling

Photo : popsugar

ကနေဒါမင်းသားကြီး ရိုင်ယန် ဂေါ့စ်လင်းက မိန်းမပျိုလေးတွေ စိတ်ကူးယဉ်အိပ်မက်မက်ရတဲ့ သူမျိုးပါ။ ယောကျာ်းလေးတွေကတော့ သူ့စတိုင်ကိုပဲ ပိုပြီး စိတ်ဝင်တစား စောင့်ကြည့်လေ့ရှိပါတယ်။ The Notebook (2004) ၊ Blue Valentine (2010) ၊ La La Land (2016) ရုပ်ရှင်တို့နဲ့ Romantic မင်းသားအဖြစ် နာမည်ကျော်တဲ့ Ryan Gosling ဟာ Blade Runner 2049 (2017) ၊ First Man (2018) ၊ Crazy , Stupid , Love (2011) ၊ Drive (2011) နဲ့ The Place Beyond The Pines (2012) စတဲ့ ရုပ်ရှင်တွေနဲ့လည်း အောင်မြင်ပါတယ်။ ဒီရုပ်ရှင်တွေ ကြည့်ဖြစ်ရင် Ryan Gosling ရဲ့ ဖက်ရှင် ကို သတိထားကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၃) Johnny Depp

Johnny Depp

Photo : republika

ကပ္ပတိန် ဂျက်ခ် စပဲရိုးအဖြစ် ကမ္ဘာကျော်တဲ့ အမေရိကန်ရုပ်ရှင်မင်းသားကြီး ဂျွန််နီဒက်ပ်ကို စတိုင်အကျဆုံး နဲ့ ဝတ်တတ်စားတတ်ဆုံး ဟောလီဝုဒ်မင်းသားကြီးတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ ဂျွန်နီဒက်ပ်ဟာ ဖက်ရှင် အပြင် ဘာနဲ့ပါ တွဲဝတ်ရမယ်ဆိုတာကိုပါ ကျေကျေညက်ညက် သိထားသူလည်း ဖြစ်ပါတယ်။ ဒီအချက်ကို သူ့ရဲ့ နာမည်ကျော် ရုပ်ရှင်တွေဖြစ်တဲ့ Pirates of the Caribbean: The Curse of the Black Pearl (2003) ၊ Donnie Brasco (1997) ၊ The Tourist (2010) ၊ Public Enemies (2009) ၊ Cry-Baby (1990) စတဲ့ ရုပ်ရှင်တွေမှာ အထင်းသား တွေ့မြင်ရမှာပါ။

(၄) Ryan Reynolds

Ryan Reynolds

Photo : amazon

အမျိုးသားထုအကြားမှာတော့ Deadpool မင်းသားကြီးရဲ့ သရုပ်ဆောင်မှုစွမ်းရည်ထက် သူ့ရဲ့ ဖက်ရှင် က ပိုပြီး နာမည်ထွက်ပါတယ်။ Hugo Boss Bottled ကမ်ပိန်းနဲ့ တွဲပြီး အလုပ်လုပ်ခဲ့တဲ့ မင်းသား ဖြစ်လို့ အဝတ်အစား ဝတ်ဆင်နည်းမှာ ဆရာကျကျသိထားသူ ဖြစ်ပါတယ်။ အနီးဆုံး ပြောရရင် Ryan Reynolds ရဲ့ နောက်ဆုံးထွက် ရုပ်ရှင်တွေထဲက The Adam Project (2022) မှာဆို သူဝတ်ဆင်တဲ့ ဂျက်ကတ် နဲ့ T-Shirt စတိုင်က ကြည့်ဖူးတဲ့ ယောကျာ်းလေးတွေအတွက် အတုယူစရာ ဖက်ရှင် Outfit အတွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။

(၅) Jake Gyllenhaal

Inside the Actors Studio

Photo : nbcnews

Zodiac (2007) ၊ Love & Other Drugs (2010) ၊ Source Code (2011) ၊ Prisoners (2013) ၊ Enemy (2013) နဲ့ Nightcrawler (2014) စတဲ့ အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးခဲ့တဲ့ မင်းသားကြီး ဂျိတ်ခ် ဂိုင်လန်ဟေးလ်ဟာ အဝတ်အစားတင် ဝတ်တတ်တာ မဟုတ်ဘဲ ဘယ်လို ဘယ်ပုံ နေထိုင်ရမလဲပါ သိတဲ့ မင်းသား ကြီးပါ။ အသက် ၄၀ ကျော်ပြီ ဖြစ်တာတောင် သူ့ရဲ့  ဖက်ရှင် က အိုဟောင်းမသွားတာ သူ့ရဲ့ အရည်အချင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

Featured Photo : nbcnews