ဘက်စုံတော်ပြီး ထက်မြက်တဲ့ ယောကျာ်း တစ်ယောက်ဖြစ်ဖို့ဆို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဖို့ လိုသလို စိတ်ဓာတ်မာ ကျော မှုလည်း ရှိရပါမယ်။ ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးမှာ မတူညီတဲ့ စိန်ခေါ်မှုတွေ ၊ မျှော်လင့်မထားတဲ့ အခက်အခဲအတားအဆီးတွေနဲ့ အရှုံးတွေကို တစ်ချိန်မဟုတ်တစ်ချိန် ရင်ဆိုင်ကြုံတွေ့ ရနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ပြိုလဲပြီး လက်မြှောက်အရှုံးမပေးပဲ ကြံ့ကြံ့ခံကျော်ဖြတ်နိုင်သူတွေဟာ ကောင်းမွန်တဲ့ အသီးအပွင့် အကျိုးရလဒ်တွေကို ခံစားရမှာပါ။ ဒါကြောင့် စိတ်ဓာတ်ကြံ့ခိုင်ပြီး မာကျောတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ စိတ်ဓာတ်မာတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ဖို့ လိုက်နာကျင့်သုံးသင့်တဲ့ နည်းလမ်းအသွယ်သွယ်ကို မျှဝေပေးပါမယ်။

(၁) မိမိကိုယ်ကို ဂရုစိုက်ပါ

Success
Success Photo : Daily Bible

ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကြံ့ခိုင်သန်မာသူတစ်ယောက်ဖြစ်ဖို့ ပထမဆုံးလုပ်ရမယ့် ခြေလှမ်းက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပါ။ မိမိကိုယ်ကိုယ် ချစ်မြတ်နိုးတက် ၊ ဂရုစိုက်တက်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကို ရရှိမှာဖြစ်ပြီး နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရယ်ဒီ ဖြစ်နေပါလိမ့်မယ်။

(၂) သက်သာဇုန်ကနေ ရုန်းထွက်ပါ

success

Photo : Vecteezy

သက်သာချောင်ချိတဲ့ နေရာတစ်ခုဟာ သင့်အတွက် ရေတိုမှာ အဆင်ပြေနိုင်ပေမယ့် ရေရှည်အတွက်တော့ မကောင်းတာ အမှန်ပါ။ ကျွန်တော်တို့ဟာ အတွေ့အကြုံနဲ့ အခက်အခဲ အတားအဆီတွေကနေတဆင့် ရင့်ကျက်သန်မာမှုတွေကို ရရှိနိုင်တာ ဖြစ်ပါတယ်။ အခက်အခဲ တစ်ခုချင်းစီ ရင်ဆိုင်အောင်မြင်ပြီးတိုင်းမှာ ကျွန်တော်တို့ဟာ ပိုပြီး ရင့်ကျက်လာတဲ့ လူတစ်ယောက် ၊ ပိုပြီး စိတ်ဓာတ်မာ ကျောတဲ့လူတစ်ယောက် ဖြစ်လာတဲ့ သဘောမှာ ရှိပါတယ်။ ဒါကြောင့် စိန်ခေါ်မှုတွေ ၊ အကြောက်တရားတွေနဲ့ ရင်ဆိုင်ဖို့ လက်မတွန့်ပါနဲ့။ သင့်ကို သက်တောင့်သက်သာဖြစ်စေတဲ့ နေရာတစ်ခုကနေ ရုန်းထွက်ပြီး မတူညီတဲ့ အတွေ့အကြုံအသစ်တွေ ၊ စိန်ခေါ်မှုအသစ်တွေကို လက်ကမ်းကြိုလိုက်ပါ။

(၃) အကောင်းမြင်စိတ် မွေးမြူပါ

success

Photo : Forbes

ကျွန်တော်တို့ ဘဝထဲက မတည်မြဲခြင်း သဘောတရားနဲ့ ဆက်စပ်ပြီး ဖြစ်ပျက်နေတဲ့ အရာတွေအပေါ် အကောင်းမြင်စိတ်နဲ့ ရှုမြင်နိုင်တာဟာ စိတ်ဓာတ်မာ ကျောသန်မာလာစေမယ့် အလေ့အကျင့် ကောင်းတစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။ ဒါဟာ ဘဝရဲ့ အဆိုးဆုံးဆိုတဲ့ အခြေအနေမှာတောင် ကိုယ့်ရဲ့ အတွေးအမြင်တွေကို ပြောင်းလဲပြီး ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ သူတစ်ယောက် ဖြစ်လာစေနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) လွယ်လွယ်လက်မ‌လျှော့တက်တဲ့ အလေ့အကျင့်ကို လုပ်ထားပါ

success

Photo : A. T. Baron

အလေ့အကျင့်တွေကပဲ ကျွန်တော်တို့ကို ပိုပြီး သန်မာလာစေမှာပါ။ လူတိုင်း ဘဝမှာ အရှုံးတွေ ၊ အခက်အခဲတွေနဲ့ ကြုံရမှာ မလွဲမသေပါ။ ကံဆိုတာ အမြဲတမ်းတော့ မကောင်းနိုင်ပါဘူး။ ဘာပဲလုပ်လုပ် တစ်ကြိမ်မအောင်မြင်တာနဲ့ လွယ်လွယ်လက်လျှော့မယ်ဆိုရင် ပန်းတိုင်ဆိုတဲ့ နေရာကို ရောက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ပိုပြီး သန်မာလာစေဖို့ ၊ မာကျောလာစေဖို့ဆိုရင် ထရိန်နင်ကောင်းကောင်း ရှိဖို့က အရေးကြီးပါတယ်။ တစ်ခုခု လုပ်ဆောင်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနိုင်ပြီး လွယ်လွယ်လက်မ‌လျှော့တက်တဲ့ အလေ့အကျင့်ကို လုပ်ထားတဲ့အခါ လိုချင်တဲ့ ရလဒ်တစ်ခုကို သေချာပေါက်ရမှာ ဖြစ်သလို ကိုယ့်ရဲ့လုပ်နိုင်စွမ်းအပေါ်မှာလည်း ပိုပြီး ယုံကြည်မှု ရှိလာပါလိမ့်မယ်။

Featured Photo : ST Network