လူသားများရဲ့ သဘာဝအရ နှစ်တစ်နှစ်ရဲ့ အစ ပထမဦးဆုံးလမှာ စိတ်ဓာတ် တက်ကြွ ရွှင်လန်းနေတတ်ပြီး အလုပ် လုပ်ချင်စိတ်များလည်း တဖွားဖွားပေါ်နေမှာ ဖြစ်ပါတယ်။ သို့သော် တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာခဲ့အခါမှာတော့ နှစ်စပိုင်းက စိတ်ဓာတ် တက်ကြွတာတွေလည်း တဖြည်းဖြည်း လွှင့်ပါးသွားပြီး အလုပ် လုပ်ရတာလည်း စိတ်မပါဘဲ ပျင်းရိပျင်းတွဲ ဖြစ်လာပါတော့တယ်။

နှစ်စတုန်းကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်နဲ့ အားကုန်တင်ထားသမျှ ဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီ၊ မတ်လလည်း ရောက်လာရော ဒုံရင်းက ဒုံရင်းပဲ​ ပြန်ဖြစ်သွားတာမျိုးတွေလည်း ကြုံဖူးကြပါလိမ့်မယ်။ တစ်နှစ်တာလုံး Productive ဖြစ်ဖြစ်နဲ့ အကျိုးရှိတဲ့ နှစ်တစ်နှစ်ဖြစ်ဖို့ရန်အတွက် ကြိုးစားရတာက လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကွီးတို့အနေနဲ့ နည်းလမ်းကောင်းများကို သိထားမယ်ဆိုရင်တော့ ထိုနည်းလမ်းကောင်းများကို အသုံးပြုကာ တစ်နှစ်တာလုံးမှာ စိတ်ဓာတ် တက်ကြွစွာနဲ့ အလုပ် လုပ်ဆောင်နိုင်မှာဖြစ်ပြီး တန်ဖိုးရှိတဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

ဒါဆိုရင် တစ်နှစ်တာလုံးမှာ အချိန်မဖြုန်းပဲ မိုတီဗေးရှင်းမြင့်မားစွာနဲ့ အလုပ် ကြိုးစားချင်စိတ်ပေါက်အောင် ဘယ်လိုနည်းလမ်းများဖြင့် ပြုမူနေထိုင်သင့်သလဲဆိုတော့ …

အလုပ်လုပ်နေစဥ်မှာ ဖုန်းရဲ့ နိုတီအသံကို ပိတ်ထားပါ

man and motivation to work

အာရုံစူးစိုက်စွာနဲ့ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ရန်အတွက် ဆိုရှယ်မီဒီယာများနှင့် ဝေးဝေးနေရမှာပဲဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာကနေ တတောင်တောင်နဲ့ နိုတီအသံတွေ တက်လာတဲ့အခါ အလုပ်လုပ်ရတာလည်း အာရုံပျက်လာပါလိမ့်မယ်။ နိုတီအသံတွေ ဆက်တိုက် ကြားနေရခြင်းသည် ဖုန်း မသုံး သုံးဖြစ်အောင် လှုံ့ဆော်နေတာပဲဖြစ်ပါတယ်။ အချိန်ကြာလာတဲ့အခါ ဖုန်းနိုတီသံရဲ့ သွေးဆောင်မှုကို မခံနိုင်တော့ဘဲ ဖုန်းသုံးမိသွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်အချိန်မှာ ဖုန်းသုံးမလဲဆိုတာကို အလုပ် မစခင်ကတည်းက သန္ဒိဌာန်ချထားပါ။ အလုပ်လုပ်ပြီး တစ်နာရီပြည့်မှ (သို့) အလုပ်တာဝန်တစ်ခု ပြီးဆုံးသွားမှ ဖုန်းသုံးမယ် စသည်ဖြင့် စိတ်ဆုံးဖြတ်ထားပါ။

မနက်စောစော အိပ်ရာထပါ

man and motivation to work

သူများတွေ အိပ်ရာ မထခင်ကတည်းက စောစောစီးစီးထကာ အလုပ်လုပ်ကြည့်လိုက်ပါ။ နားအေးပါးအေးနဲ့ အလုပ်လုပ်နိုင်တာဆိုတော့ အာရုံ မပျံ့လွှင့်တော့ဘဲ အလုပ်လုပ်ရတာလည်း ပျော်စရာကောင်းလာပြီး အလုပ်များ မြန်မြန်ပြီးမြောက်မှာပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက Texas တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနလေ့လာချက်များအရ မနက်စောစော အိပ်ရာထပြီး စာလုပ်တဲ့ ကျောင်းသားများသည် ညဘက်တွင် စာလုပ်တဲ့ ကျောင်းသားများထက် GPA ပိုမြင့်နေတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ မနက်စောစော ထကာ အလုပ်လုပ်သူများသည် ပြဿနာများကို ဖြေရှင်းရာမှာလည်း ပိုမိုသာလွန်ကောင်းမွန်နေပြီး ပိုမိုရွှင်လန်းတက်ကြွနေကြတာကိုလည်း တွေ့မြင်ရပါတယ်။

လုပ်စရာရှိသည့်အရာများကို ချရေးထားပါ

man and motivation to work

တစ်နေ့တာလုံးမှာ ဘာအလုပ်တွေ လုပ်စရာရှိသလဲဆိုတာကို ချရေးထားပါ။ လုပ်ရမယ့်အရာတွေကို ချရေးထားတဲ့အခါ ကိုယ့်ရဲ့ အသိစိတ်ထဲမှာ ဒီအရာတွေကို ပြုလုပ်ရဦးမှာပါလား ဆိုတဲ့ အသိစိတ်က ကပ်နေမှာဖြစ်ပြီး ထိုအလုပ်များ မပြီးသေးဘဲနဲ့ အချိန်ဖြုန်းနေမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိစိတ်များ ခံစားမိလာမှာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ထိုအလုပ်တာဝန်များ မြန်မြန်ပြီးမြောက်အောင် လုပ်ဆောင်ချင်လာမှာပဲဖြစ်ပါတယ်။ ဒီအချက်ကတော့ နေ့စဥ် ပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး အလုပ်စားပွဲပေါ်မှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်နေ့တာ လုပ်စရာရှိတာများကို စာရင်း ပြုစုထားရမှာပဲ ဖြစ်ပါတယ်။

မိမိရဲ့ ရည်မှန်းချက်များကို ပြက္ခဒိန်ပေါ်မှာ ချရေးထားပါ

man and motivation to work

ဒီအလေ့အကျင့်ကတော့ လစဥ် ပြုလုပ်သွားရမှာဖြစ်ပါတယ်။ လတစ်လရဲ့ နောက်ဆုံးရက်မှာ မိမိကိုယ်ကို ဘယ်အနေအထားမှာ မြင်ချင်သလဲဆိုတာကို ပုံဖော်ကြည့်ပါ။ တစ်လချင်းစီရဲ့ ရည်မှန်းချက်ဖြစ်တဲ့အတွက်ကြောင့် ကြီးကြီးမားမား ဖြစ်စရာမလိုပါဘူး။ ရည်မှန်းချက် ကြီးလွန်းတဲ့အခါ လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ် ဝင်လာပြီး ဝန်လေးလာကာ လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်လချင်းစီရဲ့ ရည်မှန်းချက်ကို ပြက္ခဒိန်မှာ ချရေးထားကြည့်ပါ။ ထိုရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် ကြိုးစားရမှာသည် ကွီးတို့ရဲ့ တာဝန်ဖြစ်သွားပါပြီ။

အသေးအဖွဲကနေ အစပြုပြီး အကျင့်ဖြစ်သွားအောင် ပြုလုပ်ပါ

စိတ်ဓာတ် အလုပ်

အသေးအဖွဲလေး ဆိုပြီးလည်း အထင်မသေးလိုက်ပါနဲ့။ ထိုအသေးအဖွဲလေးတွေကို စုပေါင်းလိုက်တဲ့အခါမှာ ကြီးမားတဲ့အရာတစ်ခု ရရှိသွားမှာပဲဖြစ်ပါတယ်။ တစ်နေ့ကို ၁၅ မိနစ်ခန့် အချိန်ပေးပြီး လေ့လာသင်ယူစရာရှိတာများကို လေ့လာသင်ယူတဲ့အခါ တစ်လလျှင် ၁၀ နာရီစာခန့် လေ့လာသင်ယူပြီးသွားပြီပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ နေ့စဥ်ပုံမှန် အကျင့်ဖြစ်သွားအောင် ပြုလုပ်ဖို့သာ လိုအပ်တာပါ။

မိမိရဲ့ ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ် ရှိသူများနှင့်သာ ခြံရံထားပါ

စိတ်ဓာတ် အလုပ်

ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိသူများနှင့်သာ ခြံရံထားခြင်းသည် ကိုယ့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက် အထောက်အကူဖြစ်စေပါတယ်။ နို့မဟုတ်ရင် ကိုယ်က အရှေ့သို့ ဆက်လက်ချီတက်နေချင်တဲ့အချိန်မှာ “မင်း လုပ်နိုင်မှာ မဟုတ်ပါဘူးလေ။ အချိန်ကုန်၊ ငွေကုန်တာပဲ အဖတ်တင်မယ်။ လုပ်မနေစမ်းပါနဲ့” ဆိုပြီး အားယုတ်စေမယ့် စကားတွေနဲ့ ဝေဖန်နေမယ်ဆိုရင် ကွီးတို့လည်း ဘာမှ ဆက်လုပ်ချင်မှာ မဟုတ်ပါဘူး။

ကျေးဇူးသိတတ်ပါ

စိတ်ဓာတ် အလုပ်

တစ်လုပ် စားဖူး၊ သူ့ကျေးဇူး ဆိုတဲ့ စကားအတိုင်းပဲ ကိုယ် ဒုက္ခရောက်ချိန်မှာ ကိုယ့်ကို ကူညီဖူးတဲ့သူတွေကို မမေ့ပါနှင့်။ ကျေးဇူးပြန်ဆပ်ပါ။ နှုတ်ဖြင့် ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ ကျေးဇူးကန်းတာမျိုးတွေ မပြုလုပ်မိပါစေနဲ့။ သူတစ်ပါးရဲ့ ကျေးဇူးကိုလည်း သိတတ်ဖို့ လိုအပ်သလို မိမိကိုယ်ကိုယ် ကျေးဇူးပြုဖို့လည်း လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ဖို့ပါ။ ကိုယ်က ကောင်းတဲ့အရာတစ်ခုခု ပြုလုပ်မိတဲ့အခါ၊ ကိုယ့်ရဲ့ တစ်လတာ ရည်မှန်းချက်များ ပြည့်မြောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ဖို့ လိုအပ်ပါတယ်။

ဘာ့ကြောင့် စတင်ခဲ့သလဲဆိုတာကို သတိရပါ

စိတ်ဓာတ် အလုပ်

စိတ်ပင်ပန်း နွမ်းနယ်လာပြီး လက်မြှောက် အရှုံးပေးချင်စိတ် ပေါ်လာတဲ့အခါ ဘာ့ကြောင့် စတင်ခဲ့သလဲဆိုတာကို သတိရလိုက်ပါ။ သင် စတင်တုန်းကတော့ စိတ်တက်ကြွစွာနဲ့ စတင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ အရှုံးပေးချင်လာတဲ့အခါ ဘာ့ကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်လည် သတိရလိုက်ပါ။ အရှုံးပေးဖို့ တန်ရဲ့လားဆိုတာကို ပြန်စဥ်းစားကြည့်လိုက်ပါ။

ဒီအချက်တွေကတော့ ကွီးတို့ရဲ့ လုပ်ငန်းဆောင်တာများ အားလုံးကို တစ်နှစ်တာလုံးမှာ စိတ်ဓာတ်တက်ကြွစွာနဲ့ လုပ်ဆောင်နိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: Grammarly

Featured Image: Freepik