မိမိအိပ်မက်တွေကို ကိုယ်တိုင်ကိုယ်ကျ အကောင်အထည် ဖော်နိုင်ဖို့အတွက်ဆိုရင် ဘာတွေ လိုအပ်မယ်လို့ ထင်ပါသလဲ။ အဓိက အရေးကြီးဆုံးကတော့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရမှာဖြစ်ပြီး ကိုယ့် စိတ် ကိုယ် အလိုလိုက် နေတာမျိုးကို ရှောင်ကြဥ်ရမှာပဲဖြစ်ပါတယ်။ ကိုယ့် စိတ် ကိုယ် အလိုလိုက် ပြီး ဖြစ်သင့်တာ လုပ်သင့်တာကို ဦးစားမပေးဘဲ လုပ်ချင်တာတွေချည်းပဲ လုပ်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိပ်မက်တွေက ကွီးတို့ကို ဘိုင့်ဘိုင်လို့ နှုတ်ဆက်သွားပါလိမ့်မယ်။

ဒါ့အပြင် အခုဆက်လက်ဖော်ပြမယ့် နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ခံစားရနိုင်ပါသေးတယ်။ ကွီးတို့အနေနဲ့ အခုဖော်ပြမယ့် နောက်ဆက်တွဲတွေကို ခံနိုင်ရည်ရှိမှသာ ကိုယ့် စိတ် ကိုယ် အလိုလိုက် ရမှာပဲဖြစ်ပါတယ်။

အခွင့်အရေးများ ဆုံးရှုံးမယ်

အခွင့်အရေး

ဘဝမှာ အခွင့်အရေးဆိုတာ နှစ်ခါ မလာပါဘူး။ ကိုယ်က ပျင်းရိပျင်းတွဲနဲ့ လုပ်သင့်တာကို မလုပ်ဘဲ မလုပ်သင့်တာတွေကိုသာ လုပ်နေမယ်ဆိုရင်တော့ အခွင့်အရေးကောင်း အများအပြားကို လက်လွှတ်ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ်။ သတိလက်လွှတ်မနေသင့်ဘဲ ကိုယ် လုပ်စရာရှိတာများကို သေသေချာချာ လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ နို့မဟုတ်ရင် ကိုယ့်သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များက အခွင့်အရေးကောင်းများကို အမိအရ ဖမ်းဆုပ်နေချိန်မှာ ကိုယ်ကတော့ အခွင့်အရေးကောင်းများနဲ့ လွဲချော်သွားမှာပဲ ဖြစ်ပါတယ်။

အရေးကြီးသည့် အရာများကို အချိန်မှီ မပြီးမြောက်နိုင်တော့ပါ

စိတ် အလိုလိုက်

ဘဝမှာ ဘယ်အရာက အရေးကြီးသလဲဆိုတာကို သိထားသင့်ပါတယ်။ အရေးကြီးတဲ့အရာကို ဦးစားပေးဖို့ လိုအပ်ပါတယ်။ ဥပမာဆိုရသော် အထက်လူကြီးက ကိုယ့်ကို ဘယ်နှရက်အတွင်းမှာ ဒီပရောဂျက်တစ်ခုကို ပြီးအောင် လုပ်ဆောင်ရမယ်ဆိုပြီး ခိုင်းလာတဲ့အခါ ကိုယ့်အနေနဲ့ သတ်မှတ်ရက်အတွင်း အချိန်မှီ ပြီးစီးဖို့ လိုအပ်ပါတယ်။ အလုပ်လုပ်ရမယ့်အချိန်မှာ လုပ်ချင်စိတ် မရှိသေးလို့ဆိုပြီး အချိန်ဆွဲနေမယ်၊ ရုပ်ရှင်ကြည့်လိုက်၊ ဘားသွားလိုက်၊ ကလပ်တက်လိုက်နဲ့ အချိန်ဖြုန်းနေမယ်ဆိုရင်တော့ ပြီးမြောက်ရမယ့်အချိန်မှာ အလုပ်တွေ မပြီးဘဲဖြစ်နေမှာပါ။ ဒါဆိုရင်တော့ အထက်လူကြီးက ကိုယ့်ကို အမြင်မကြည်ဖြစ်လာမှာဖြစ်ပြီး နောက်ထပ်အလုပ်တွေကိုလည်း ယုံကြည်စွာ ပုံအပ်ပြီး လုပ်ဆောင်ခိုင်းမှာ မဟုတ်တော့ပါဘူး။ ဒါဆိုရင် ကွီးတို့ရဲ့ တက်လှမ်းအတွက်၊ ရာထူးတိုးမယ့် ကိစ္စများ၊ လစာတိုးမယ့် ကိစ္စများလည်း ရှိလာနိုင်တော့မှာမဟုတ်ပါဘူး။

ငွေရေး ကြေးရေး ထိခိုက်လာမယ်

စိတ် အလိုလိုက်

အဆိုးရွားဆုံး အခြေအနေကတော့ ငွေရေး ကြေးရေး ထိခိုက်လာမှာပဲ ဖြစ်ပါတယ်။ အလုပ်လုပ်မှ ပိုက်ဆံရမှာပါ။ အလုပ်မလုပ်ဘဲ ထိုင်နေလို့ကတော့ ကိုယ့်ဆီကို ပိုက်ဆံတွေ အလိုလို ရောက်လာမှာမဟုတ်ပါဘူး။ စောစောက လုပ်ငန်းခွင်ကိစ္စကို ပြန်ဆက်ရမယ်ဆိုရင်တော့ အလုပ်ရှင်က ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောမကျတဲ့အခါ ရာထူးမတိုးပေးတာလောက်က ပြဿနာမရှိပေမယ့် အလုပ်ထုတ်တာမျိုးတွေ ဖြစ်လာမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဝင်ငွေ ထိခိုက်လာမှာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အလုပ်တစ်ခု ရှာရတာသည် လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ အပျင်းကြောထူပြီး လုပ်သင့်တာတွေ မလုပ်ဘူးဆိုရင်တော့ အလုပ်အကိုင်လည်း ထိခိုက်လာပြီး ငွေရေး ကြေးရေးလည်း ကြပ်တည်းလာပါလိမ့်မယ်။

အိပ်မက်များ၊ အောင်မြင်မှုများနှင့် တဖြည်းဖြည်း ဝေးကွာလာမယ်

စိတ် အလိုလိုက်

အလုပ် မလုပ်ဘဲ ပျင်းရိနေသူတစ်ယောက်အဖို့ အိပ်မက်တွေ၊ အောင်မြင်မှုတွေက အလှမ်းဝေးကွာမှာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် သင်ယူစရာရှိတာတွေကို သင်ယူမယ်၊ လေ့လာစရာရှိတာတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ လေ့လာစရာတွေ တစ်ပုံတစ်ပင်ကြီး ရှိနေတာကို နောက်ရက်မှ လုပ်ပါမယ်လေဆိုပြီး တစ်ရက်ပြီး တစ်ရက် အချိန်ဆွဲလာမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိပ်မက်တွေက ကွီးတို့ကို ထာဝရ နှုတ်ဆက်သွားမှာပဲ ဖြစ်ပါတယ်။

အောင်မြင်နေတဲ့ လူတွေကို ကြည့်လိုက်ပါ။ သူတို့အားလုံးသည် အချိန်နှင့်အမျှ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ဘဝအတွက် ပျင်းရိနေဖို့အချိန်တောင် မရှိကြပါဘူး။ ဒါ့ကြောင့်လည်း အောင်မြင်မှုနှင့် ငွေကြေးချမ်းသာ ကြွယ်ဝမှုတွေကို ပိုင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်လာပြီး စိတ်မလုံခြုံမှုကို ခံစားရမယ်

စိတ် အလိုလိုက်

လုပ်စရာရှိတာတွေကို မလုပ်ဘဲ အပျင်းထူနေတဲ့အခါ ကိုယ့်ရဲ့ တိုးတက်မှုအတွက် အဟန့်အတားဖြစ်စေပါတယ်။ ကိုယ့်ရဲ့ တိုးတက်မှုဖြစ်စဥ်တွေကို မမြင်ရဘဲ တဖြည်းဖြည်း နောက်သို့ ဆုတ်ယုတ်သွားတာကိုသာ မြင်ရမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အသုံးမကျတဲ့ လူတစ်ယောက်လို ခံစားရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်လာမယ်။ နောက်ဆုံးမှာတော့ စိတ်မလုံခြုံမှုကို ခံစားရလာပြီး စိတ်ဓာတ်ကျလာမှာပဲ ဖြစ်ပါတယ်။

ကျန်းမာရေး ထိခိုက်လာမယ်

စိတ် အလိုလိုက်

ကိုယ်လုပ်ချင်တာတွေချည်းပဲ လုပ်နေမယ်ဆိုရင် ခဏတာပျော်ရွှင်မှုကိုတော့ ခံစားရမှာပါ။ ဒါပေမဲ့ တစ်ဘဝလုံးစာ ပျော်ရွှင်မှုကိုတော့ ခံစားရမှာမဟုတ်ပါဘူး။ ဥပမာ အာဟာရ မမျှတတဲ့အစားအစာများကို စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အခါ ကျန်းမာရေးလည်း တဖြည်းဖြည်း ထိခိုက်လာပြီး စိတ်သွားတိုင်း ကိုယ်ပါမှာ မဟုတ်တော့ပါဘူး။

ကဲ… ဘယ်လိုလဲ။ အခုချိန်ထိ ကိုယ့် စိတ် ကိုယ် အလိုက်လိုက် ချင်နေတုန်းပဲလား။

Source: Ongjason

Featured Image: Freepik