ဘဝမှာ အဆင်မပြေမှုတွေ၊ ကျရှုံးမှုတွေ၊ ကိုယ်ကြိုးစားသလောက် ဖြစ်မလာတွေကြောင့် စိတ်ဓာတ်တွေ ထိုးကျနေပါသလား။ တစ်ခါတစ်ရံ ကိုယ် မမျှော်လင့်ထားတဲ့ အချိန်မှာ အခက်အခဲတွေ ရင်ဆိုင်ရပြီး စိတ်ဓာတ်ကျတာ၊ လက်လျော့ချင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ သို့သော်လည်း ဘဝဆိုတာ အမြဲတမ်း အဆိုးတွေချည်းပဲ ဖြစ်လာမှာ မဟုတ်တာ နားလည်ထားရပါမယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်တွေ ထိုးကျနေတဲ့အခါမှလည်း ပြန်လည်ရပ်တည်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အောက်ဆုံးထိ ထိုးကျနေတဲ့ စိတ်ဓာတ်တွေကို အရှိန်အဟုန်နဲ့ ပြန်မြှင့်တင်ဖို့ နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရှောင်မပြေးပါနဲ့

ထိုးကျနေတဲ့ စိတ်ဓာတ်တွေကို

Photo : Sylvester

ကျရှုံးမှုတွေဆိုတာ ခါးသီးတဲ့ အတွေအကြုံဆိုတာ မှန်ပါတယ်။ သို့သော်လည်း ထိုအတွေ့အကြုံတွေကို လက်မခံနိုင်ဘဲ စိတ်ဓာတ်ကျပြီး ရှောင်ပြေးတာ၊ လက်လျော့လိုက်တာမျိုးကို အလွယ်တကူ မလုပ်ပါနဲ့။ ဘယ်လောက်ဆိုးဝါးတဲ့ အခြေအနေဖြစ်ပါစေ၊ အဖြေ သို့မဟုတ် ထွက်ပေါက်ဆိုတာ ရှိပါတယ်။ အောင်မြင်မှုဆိုတာကလည်း  ကျရှုံးမှုရဲ့ ခါးသီးတဲ့ အတွေ့အကြုံကနေ သင်ခန်းစားယူကာ ပြင်ဆင်ကြိုးစားပြီးမှ ရလာတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျစေတဲ့ ဘယ်လိုအကြောင်းအရင်းမဆို ရှောင်မပြေးဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကာ ကျော်ဖြတ်ပါ။

ခေတ္တ အနားပေးလိုက်ပါ

ထိုးကျနေတဲ့ စိတ်ဓာတ်တွေကို

Photo : ISIC

စိတ်ဓာတ်တွေ ထိုးကျပြီး ဘာကိုမှလုပ်ချင်စိတ်မရှိတော့တာမျိုး ခံစားနေရပါသလား။ ဒါဆိုရင်တော့ စိတ်ရော၊ လူပါခေတ္တခဏ အနားပေးလိုက်ပါ။ စိတ်ဓာတ်ကျမှုဆိုတာ တစ်ရက်တည်းနဲ့ ပြီးသွားတာမျိုး မဟုတ်ပါဘူး၊။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ကုစားနိုင်တဲ့အထိ သို့မဟုတ် တည်ငြိမ်တဲ့အထိ အနားယူဖို့လိုပါတယ်။ ဘဝဆိုတာ မလွယ်ကူသလို ထိန်းချုပ်လို့မရပေမယ့် ကြီးမားတဲ့ကျရှုံးမှုကနေ ရုန်းထဖို့ ကြိုးစားရင်း အောင်မြင်မှုလေးတွေနဲ့ ပျော်ရွှင်နိုင်တာကို လက်ခံပြီး စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ပါ။

အပြုသ‌ဘောဆောင်တဲ့စိတ် ထားပါ

ထိုးကျနေတဲ့ စိတ်ဓာတ်တွေကို

Photo : ABC News

အောက်ဆုံးထိ ထိုးကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်မြှင့်တင်နိုင်ဖို့အတွက် မိတ်ဆွေတို့မှာ အဆိုးမြင်စိတ် သို့မဟုတ် အပျက်သဘောဆောင်တဲ့စိတ် ရှိနေလို့မရပါဘူး။ အဆိုးမြင်စိတ်နဲ့ စိတ်ဓာတ်ကျနေရင် ကျရှုံးမှုကနေ ပြန်ထဖို့ ပိုခက်လိမ့်ပါမယ်။ သို့သော် အပြုသဘောဆောင်သောစိတ်ထားကို မွေးမြူထားပါက စိတ်အားထက်သန်မှုကို ပြန်လည်ရရှိစေပြီး စိတ်ဓာတ်ကျနေတာကို လွယ်လွယ်ကူကူ တွန်းလှန်နိုင်ပြီး ကိုယ်လုပ်ဆောင်စရာများကို ဆက်လက်လုပ်ဆောင်နိုင်ပါလိမ့်မယ်။

ချစ်ခင်သူများရဲ့ ဖေးမမှုကို ခံယူပါ

Photo : LoveDevani.com

မိတ်ဆွေတို့ရေ စိတ်ဓာတ်တွေ အရမ်းကျနေတဲ့အခါ တစ်ယောက်တည်း ကြိတ်ခံစားတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့ ချစ်ခင်ရသူဖြစ်စေ၊ မိသားစုဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းတို့ရဲ့ ဖေးမကူညီမှုကို ရယူပါ။ တစ်ခါတစ်ရံမှာ ကိုယ်ချစ်တဲ့ သူတွေဟာလည်း ကိုယ့်ရဲ့ ကျနေတဲ့ စိတ်ဓာတ်တွေကို အရှိန်အဟုန်နဲ့ ပြန်မြှင့်တင်နိုင်ဖို့ အဓိက အကြောင်းအရင်း ဖြစ်နေနိုင်ပါတယ်။

ပြောင်းလဲပစ်ပါ

Photo : Fearless Motivation

ရှုံးနိမ့်မှုတွေ၊ ကျရှုံးမှုတွေတိုင်းက မိတ်ဆွေတို့ကို စိတ်ဓာတ်ကျမှုကိုပဲ ပေးတာမဟုတ်ပါဘူး။ ပြန်လည်ပြီး ရပ်တည်နိုင်ဖို့ အခွင့်အရေးတွေကိုလည်း ထိုကျရှုံးမှုတွေထဲက ရှာတွေ့နိုင်ပါတယ်။ ဒါကြောင့် ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေကို အခွင့်အရေးအဖြစ်လည်းကောင်း စိတ်ဓာတ်ပြန်မြှင့်တင်ဖို့ အကြောင်းအရင်းအဖြစ်လည်းကောင်း ပြောင်းလဲပစ်ပါ။

ရှေ့သို့ ဆက်လျှောက်ပါ

Photo : HETFA Researdh Institute

ကျွန်တော်တို့ ကျင်လည်နေရတဲ့ ဘဝတစ်လျှောက်မှာ အောင်မြင်မှုတွေ၊ ပျော်ရွှင်စရာတွေ ကြုံနိုင်သလို စိတ်ဓာတ်ကျစရာတွေ ကြုံတွေ့နေဦးမှာပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဓာတ်ကျစရာတွေနဲ့ ရင်ဆိုင်ရသည် ဖြစ်ပါစေ လျှောက်လှမ်းနေတာကို မရပ်တန့်လိုက်ပါနဲ့၊ အရှုံးမပေးလိုက်ပါနဲ့။ ဆက်လက်ပြီး ကြိုးစားပါ။  အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ အချက်လေးတွေကို လိုက်နာပြီး စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ပါ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်သည် အထိဆက်လျှောက်လှမ်းပါ။

Featured Photo : Mental Health