ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက မန်ချက်စတာ စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဂျာမနီ ကွင်းလယ်ကစားသမားကြီး အီကိုင်းလ် ဂွန်ဒိုဂန် ဟာ အခုဈေးကွက်မှာတော့ ဘာစီလိုနာကနေ အသင်းဟောင်း မန်စီးတီးဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ပဲ ပြန်လည် ပြောင်းရွှေ့ ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

gundogan barcelona

Photo Credit: FC Barcelona

လက်ရှိမှာ အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂျာမနီ ဝါရင့် ကစားသမားကြီး ဂွန်ဒိုဂန်ဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကတည်းက ဒေါ့မွန်ကနေ မန်စီးတီးဆီ ရောက်လာခဲ့တာဖြစ်ပြီး စီးတီးနည်းပြ ပပ် ဂွာဒီယိုလာရဲ့ စီးတီးနည်းပြဘဝ ပထမဦးဆုံး ကစားသမား ခေါ်ယူမှုဟာလည်း ဂွန်ဒိုဂန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂွာဒီယိုလာက ဂွန်ဒိုဂန် ကို ယုံယုံကြည်ကြည်နဲ့ နေရာပေးခဲ့ပြီး ဂွန်ဒိုဂန်ကလည်း စီးတီးမှာ အကောင်းဆုံး စွမ်းဆောင်ပြခဲ့ရင်း ဆုဖလားတွေလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃နွေမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ စီးတီးကနေ ထွက်ခွာပြီး သူ ငယ်ငယ်လေးကတည်းက ကစားချင်ခဲ့တဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

gundogan barca

Photo Credit: Bola

ဂွန်ဒိုဂန်ဟာ ဘာစီလိုနာအသင်းနဲ့ ပထမဆုံး ဖြတ်သန်းရတဲ့ ဘောလုံးရာသီမှာ စိတ်ကျေနပ်စရာ ကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၅၁)ပွဲကစား (၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုမှာတော့ (၁၄)ကြိမ်အထိတောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေက အားရစရာ ဖြစ်ခဲ့ပေမယ့် ရာသီအကုန်မှာပဲ နည်းပြ အပြောင်းအလဲ ဖြစ်သွားခဲ့တာနဲ့ ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေအရ ဂွန်ဒိုဂန် ဟာ ဘာစီလိုနာမှာ တစ်ရာသီတည်းသာ ဖြတ်သန်းရဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။

gundogan returns city

Photo Credit: Youtube

ဒီလို အနာဂတ် လှုပ်ခတ်လာတဲ့ ဂွန်ဒိုဂန်ကို တူရကီက ကလပ်အသင်းတွေ ဆော်ဒီလိဂ်က ကလပ်အသင်းတွေနဲ့အတူ အသင်းဟောင်း မန်စီးတီးကပါ ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့ရာ နောက်ဆုံးမှာတော့ ဂွာဒီယိုလာကိုယ်တိုင် လိုလိုလားလား ဖြစ်နေတာကြောင့် မန်စီးတီးဆီ ပြန်ဖို့ကို ရွေးချယ်ခဲ့ပါတယ်။ မန်စီးတီးက အသင်းကနေ အလွတ်နဲ့လက်လွတ်ခဲ့ရတဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ဂွန်ဒိုဂန် ကို အလွတ်နဲ့ပဲ ပြန်လည် ခေါ်ယူနိုင်တော့မှာဖြစ်ပြီး (၁)နှစ်စာချုပ် ချုပ်ဆိုသွားပါမယ်။

Featured Photo: ESPN