လက်ရှိ နွေရာသီ ဘောလုံးသမား အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ မန်စီးတီးက ကိုဗာချစ်ကို ခေါ်ထားတယ်။ အာဆင်နယ်က ကိုင်ဟာဗက် ရောက်ပြီ။ နယူးကာဆယ်က တိုနာလီကို ဆေးစစ်ထားပြီးပြီ။ လီဗာပူးလ်က အယ်လစ္စတာကို အစောကြီးကတည်းက ခေါ်ထားတယ်။ စပါးတောင် မက်ဒီဆင် နဲ့ ဂိုးသမား ဗစ်ကာရီယိုတို့ နှစ်ဦးကို ခေါ်ယူခဲ့တယ်။ ဒါဆို မန်ယူနိုက်တက်ကရော ဘယ်ကစားသမားတွေများ ခေါ်ယူထားပါသလဲ?

mbappe

Photo Credit : The Sun

အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်တော့မယ်ဆိုတဲ့ ဂျင်းသတင်းတွေနဲ့ ယူနိုက်တက် ပရိသတ်တသိုက်တို့ ဘာပေ နေမာ ဟာရီကိန်း အစရှိသော ထိပ်တန်း ကစားသမားတွေ ကိုယ့်အသင်းဆီ ရောက်ရှိလာတော့မယ်ဆိုပြီး အိမ်မက်တွေ မက်ခဲ့ပေမယ့်လည်း အသင်းက ခေါင်းစဉ်မှာ ဖော်ပြထားသလို စိတ်ဝင်တစား စောင့်ကြည့် ယူနိုက်တက် ဖြစ်နေရပါတယ်။ မေဆန်မောင့် အပြောင်းအရွှေ့ကိုတောင် ခုထိ အပြီးသတ် မလုပ်ဆောင်နိုင်သေးတာ ၊ ဂိုးသမား ဒီဟေးယားကို ကမ်းလှမ်းထားပြီးသား စာချုပ်ကို ပယ်ချပြီး ထပ်မံ ကမ်းလှမ်းမှု လုပ်ဆောင်တာတွေက ယူနိုက်တက် ပရိသတ်တွေ အသင်းကို တော်တော် စိတ်ကုန်စေခဲ့ရပါတယ်။

man utd

Photo Credit : Bleacher Report

သိထားရသလောက်ဆိုရင် ယူနိုက်တက်အသင်းက ၂၀၁၉ခုနှစ် နောက်ပိုင်းကတည်းက အခုလို ဇွန်လထဲ ဘယ်ကစားသမား တစ်ဦးတစ်ယောက်မှ မခေါ်ယူနိုင်ခဲ့ပါဘူး။ တကယ်ဆို ဇွန်လထဲ လိုအပ်နေတဲ့ (၂)နေရာစာလောက်သာ ဖြည့်တင်းနိုင်မယ်ဆိုရင် ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်တွေထဲ အသင်းနဲ့ စတင် ပူးပေါင်းနိုင်မယ်။ အသင်းနဲ့ အံ့ဝင်ဖို့အတွက်လည်း အချိန်ပိုရနိုင်မယ်။ မနှစ်ကဆိုရင် မာတီနက်ဇ် အန်တိုနီ ကက်စီမဲရိုးတို့ကို စောစီး မခေါ်ယူနိုင်မှုနဲ့ ရာသီအစ တာထွက်မှာ ကမ္ဘာပျက်ခဲ့ပါသေးတယ်။

manchester united

Photo Credit : Football365

ဒါကြောင့် ယူနိုက်တက်အနေနဲ့ မောင့်ကို ခေါ်မယ်ဆိုရင်လည်း အမြန် ခေါ်ယူပြီး ဒီဟေးယားရဲ့ အခြေအနေကိုလည်း သေချာ တိတိကျကျ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ ဒီဟေးယား အခြေအနေမကောင်းတော့ရင် အိုနာနာကိုလည်း စတင် ကမ်းလှမ်းထားရပါတော့မယ်။ ဒါပေမယ့် ဒီကစားသမား နှစ်ဦးအတွက်ကလည်း အနည်းဆုံး ပေါင် သန်း(၁၀၀)လောက် သုံးစွဲရဦးမှာမို့ အရောင်းစာရင်း တင်ထားတဲ့ ကစားသမားတွေ ဝယ်သူ မြန်မြန်ပေါ်ပါစေဆိုပြီး ထိုင်ဆုတောင်းနေရပါတော့မယ်။ မဟုတ်ရင် အရင် transfer တွေတုန်းက အကြွေးတွေနဲ့ အသုံးစရိတ် မတိုးလာတဲ့အပြင် FFP ကိုပါ စိုးရိမ်လာနိုင်ပါတယ်။

Featured Photo : From Office Sports