ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ တစ်ခါတုန်းက ဒီစကားကို ပြောခဲ့ဖူးပါတယ်။ ကျွန်တော်က စံချိန်တွေကို မလိုက်ဘူး။ စံချိန် မှတ်တမ်းတွေကသာ သူရဲ့နောက်ကို လိုက်လာတာ။ ဒါက ခပ်ရိုင်းရိုင်း ပြောရရင် ဖင်ခေါင်းကျယ်ပြီး ပြောတဲ့ စကားလို့တောင် ထင်ချင်ထင်စရာပါ။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုက သူပြောခဲ့တဲ့ စကားအတိုင်း လက်တွေ့မှာ တကယ်ဖြစ်လာအောင်လည်း လုပ်ပြနိုင်ခဲ့တယ်။ အသက် (၃၉)နှစ်အရွယ်အထိ ဘောလုံးလောကရဲ့ စံချိန်တွေကို ဆက်လက် ရယူနေသေးတဲ့ ရော်နယ်လ်ဒိုဟာ အခုလည်း စံချိန်သစ် (၂)ခုကို ထပ်မံ ရယူပြလိုက်ပြန်ပါတယ်။

goat cr7

Photo Credit: Football on TNT Sports

မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာပြီး ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့သွားတဲ့ ရော်နယ်လ်ဒိုကို ဘောလုံးပရိသတ်တွေ အမြောက်အများက ဝေဖန်ခဲ့သလို ဆော်ဒီလိဂ်မှာလည်း ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝ သေဆုံးသွားလိမ့်မယ်လို့ပါ ထင်ကြေးပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒို က နယ်မြေသစ်မှာ သူရဲ့ ဘောလုံး စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ပြသနိုင်ခဲ့ပြီး အယ်လ်နာဆာအသင်းနဲ့လည်း အာရပ်ကလပ် ချန်ပီယံရှစ်ဖလား ရယူပေးနိုင်ခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် လိဂ်ဂိုး (၃၅)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါသေးတယ်။

ronaldo saudi league

Photo Credit: Football on TNT Sports

ဆော်ဒီပရိုလိဂ်မှာ တစ်ရာသီလုံး လိဂ်ဂိုး (၃၅)ဂိုးအထိ သွင်းယူနိုင်တဲ့ ကစားသမားဆိုလို့ တစ်ဦးတစ်ယောက်မှ မရှိသေးပဲ ဆော်ဒီပရိုလိဂ် ချန်ပီယံဟောင်း အယ်လ်အစ်တီဟတ်ရဲ့ တိုက်စစ်မှူး ဟန်ဒယ်လ်လာက (၃၄)ဂိုးအထိ အများဆုံး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု ရော်နယ်လ်ဒိုက ဒီရာသီထဲ အယ်လ်နာဆာအသင်းအတွက် ဆော်ဒီပရိုလိဂ်ဂိုး (၃၅)အထိ သွင်းယူနိုင်ခဲ့တာကြောင့် ဆော်ဒီပရိုလိဂ် ပြိုင်ပွဲတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

league 4 leagues goal soceer

Photo Credit: ESPN FC

ဒီစံချိန်အပြင် ရော်နယ်လ်ဒို က ပရီးမီးယားလိဂ်ပြိုင်ပွဲ ၊ လာလီဂါပြိုင်ပွဲ ၊ စီးရီးအေပြိုင်ပွဲနဲ့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ အစရှိတဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲ (၄)ခုမှာ ဂိုးသွင်းအများဆုံး ကစားသမားဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ပထမဆုံးသော ဘောလုံးသမားအဖြစ်ပါ စံချိန်သစ်တစ်ခုကို ထပ်မံ ပိုင်ဆိုင်လိုက်ရပြန်ပါတယ်။ ဘောလုံးလောကမှာက အမှတ်ပေးလိဂ် (၃)ခုအတွင်းမှာ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားဆုကို ပိုင်ဆိုင်ဖူးခဲ့တဲ့ ကစားသမားတွေသာ ရှိထားခဲ့ပြီး ဒါကို ရော်နယ်လ်ဒိုက ရိုက်ချိုးခဲ့ကာ စံချိန်မှတ်တမ်းသစ်ကို စိုက်ထူလိုက်နိုင်ပါတယ်။

Featured Photo: SPL