အမ်ပန်ဇူဆိုတာ လိဂ် ချန်ပီယံရှစ် ပလေးအော့ပြိုင်ပွဲမှာ ကိုဗင်ထရီအသင်းကို အနိုင်ယူပြီး အသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးဆီ တန်းတက်ခွင့် ရရှိခဲ့တဲ့ လူတန်တောင်းအသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။
Photo Credit : Sky Sports
လူတန်လို ကလပ်အသင်းလေးမှာ ပါဝင် ကစားနေတဲ့ အမ်ပန်ဇူဟာ ဘောလုံး ပရိသတ်တွေနဲ့လည်း ရင်းနှီးလှတဲ့ ကစားသမားလည်း ဖြစ်မနေပါဘူး။ ဒါပေမယ့် လူတန်အသင်း ပလေးအော့ ဖိုင်နယ်မှာ နိုင်ပွဲရလိုက်ပြီး ပရီးမီးယားလိဂ်ကို တက်လှမ်းနိုင်ချိန်မှာတောင် သူရဲ့ အံ့သြစရာ စံချိန် မှတ်တမ်းနဲ့အတူ အားလုံး သတိထားမိလာပါတော့တယ်။ ဘာလို့လဲဆိုတော့ အမ်ပန်ဇူက လူတန်နဲ့အတူ အပျော်တမ်း လိဂ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်အထိ လိဂ်ပြိုင်ပွဲ (၅)ခုလုံး ပါဝင် ကစားနိုင်တဲ့ ပထမဆုံးသော ကစားသမားအဖြစ် သတ်မှတ်ခံလာရတော့မှာ ဖြစ်လို့ပါပဲ။
Photo Credit : Luton Today
ဒါပေမယ့် ဒီလို သတ်မှတ်ခံရဖို့က လူတန်ဘက်ကနေ အမ်ပန်ဇူကို စာချုပ်သစ် ကမ်းလှမ်းဖို့ကလည်း လိုအပ်နေပါသေးတယ်။ မဟုတ်ရင်တော့ အမ်ပန်ဇူက free agent player ဖြစ်သွားမှာပါ။ ဒီအချိန်မှာ လူတန်အသင်းက အမ်ပန်ဇူကို ၂၀၂၅ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုလိုက်တာကြောင့် အမ်ပန်ဇူဟာ အင်္ဂလန် ဘောလုံးသမိုင်းမှာ ကလပ်အသင်း တစ်သင်းတည်းနဲ့ အမှတ်ပေးလိဂ် ပြိုင်ပွဲပေါင်း (၅)ခုကို ကစားနိုင်ခဲ့သော ပထမဆုံး ကစားသမားအဖြစ် သေချာပေါက် စံချိန်တင်သွားတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : The Times
လက်ရှိမှာ အသက် (၂၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ် ကစားသမား အမ်ပန်ဇူဟာ လွန်ခဲ့တဲ့ (၁၀)နှစ်က အပျော်တမ်းပြိုင်ပွဲမှာသာ ရှိနေသေးတဲ့ လူတန်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီကနေ ၂၀၁၄မှာ လိဂ်တူးကို တန်းတက် ၊ ၂၀၁၈မှာတော့ လိဂ်ဝမ်းဆီ တန်းတက် ၊ နောက်တစ်နှစ်မှာ လိဂ်ချန်ပီယံရှစ်ဆီ ဆက်တိုက် တန်းတက်ပြီး ၂၀၂၃ခုနှစ်မှာတော့ ချန်ပီယံရှစ် ပလေးအော့ ဖိုင်နယ်မှာ ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်ဆီ ချီတတ်နိုင်ခဲ့ပါတယ်။ ဒါဟာ အမ်ပန်ဇူအတွက်တော့ လုံးဝ ဂုဏ်ယူစရာကောင်းတဲ့ အောင်မြင်မှုကြီးတစ်ခု ဖြစ်နေမှာ အသေအချာပါပဲ။
Featured Photo : Luton Today