ကျွန်တော်က စံချိန်တွေကို လိုက်နေတာ မဟုတ်ဘူး။ စံချိန်တွေကသာ ကျွန်တော့်နောက်ကို လိုက်နေတာပါဆိုတဲ့ စကားကို GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို က ခပ်တည်တည်နဲ့ ပြောခဲ့ဖူးပါတယ်။ ရုတ်တရက်ဆိုရင်တော့ ဒါက ဖင်ဂေါင်းကျယ်နေတဲ့ စကားလိုလို ဘာလိုလို ထင်ကောင်းထင်နိုင်ပေမယ့်လည်း သက်သက်မဲ့ အာချောင်ပြီး ပြောခဲ့တာ မဟုတ်ဘူးဆိုတာကို ရော်နယ်လ်ဒိုက အလုပ်နဲ့ သက်သေပြနိုင်ခဲ့ပါတယ်။ အခုလည်း ယူရို-၂၀၂၄မှာပါ သူရဲ့ စံချိန်တွေက မကုန်နိုင် မခမ်းနိုင်။
Photo Credit: CNN
ဟိုး လွန်လေပြီးသော ၂၀၀၄ခုနှစ်ကနေ စတင်ပြီး ယူရို-၂၀၀၄ ပြိုင်ပွဲမှာ ပါဝင်ဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အခုဆိုရင်တော့ ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ပေါ်တူဂီအသင်းအတွက် ပါဝင်ဆင်နွဲနေတုန်း ဖြစ်ပါတယ်။ အသက် (၃၉)နှစ်အရွယ်တောင် ရှိလို့နေပြီဖြစ်တဲ့ ကစားသမားကြီးက သူရဲ့ လက်ရွေးစင်အသင်းအတွက် အင်တိုက်အားတိုက် အာရုံစိုက်မှုအပြည့် အသေအချာ ကစားပြနိုင်ပေမယ့်လည်း တချို့တွေကတော့ အသင်းအတွက် လူပိုကြီးဖြစ်နေပြီ တခြားကစားသမားတွေ နေရာပျောက်ရတယ်တို့ဘာတို့ ပြောနေကြပေမယ့်လည်း ရော်နယ်လ်ဒို ကတော့ အသင်းကို အကောင်းဆုံး ဦးဆောင်နေဆဲပါပဲ။
Photo Credit: Cristiano Ronaldo’s X
အခု ယူရို-၂၀၂၄မှာ ရော်နယ်လ်ဒိုက ပေါ်တူဂီအတွက် (၂)ပွဲ ကစားထားပြီးသွားချိန် ခုထိတော့ ဂိုးမသွင်းနိုင်သေးပေမယ့်လည်း တူရကီနဲ့ ပွဲစဉ်မှာ ဂိုးသွင်းလို့ ရနိုင်မယ့် အနေအထားကနေ ဘေးမှာ အသင့်ပါလာတဲ့ ဘရူနို ဖာနန်ဒက်စ်ဆီ ဘောလုံးပို့ပေးရင်း ဖာနန်ဒက်စ်က ဂိုးသွင်းလိုက်လို့ ရော်နယ်လ်ဒိုက ဂိုးဖန်တီးမှုပဲ ရလိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီ ဂိုးဖန်တီးမှုကြောင့် နဂိုကတည်းက ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသူအဖြစ် စံချိန်တင်ထားတဲ့ ရော်နယ်လ်ဒို ဟာ နောက်ထပ် ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆိုတဲ့ စံချိန်ကိုပါ ပိုင်ဆိုင်လိုက်ရပါတယ်။
Photo Credit: Medium
ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီဟာလည်း အခုဆို ရှုံးထွက် (၁၆)သင်းအဆင့်ကို ဂျာမနီ စပိန်တို့နဲ့အတူ စောစောစီးစီး တက်လှမ်းနိုင်ထားခဲ့ပြီဖြစ်လို့ ရော်နယ်လ်ဒိုက ဂျော်ဂျီယာနဲ့ အုပ်စုနောက်ဆုံးပွဲ ဒါမှမဟုတ် ရှုံးထွက်အဆင့် တစ်ခုခုမှာပါ ယူရိုပြိုင်ပွဲ (၆)ခုလုံး ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားဆိုတဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်သွားရနိုင်ပါတယ်။ နောက်ပြီး ရော်နယ်လ်ဒို အတွက် လက်ရွေးစင် ကစားသမားဘဝရဲ့ နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲကြီးပါ ဖြစ်သွားနိုင်တဲ့ ဒီပြိုင်ပွဲမှာလည်း ယူရိုဆုဖလားကြီးနဲ့ သိမ်းပိုက်လိုက်နိုင်မလားဆိုတာ…
Featured Photo: Cristiano Ronaldo’s X