အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ကတော့ လန်ဒန်မြို့ခံတွေပီပီ ကစားသမား ခေါ်ယူရာမှာလည်း အပြိုင်အဆိုင်တွေ ရှိနေတက်ပါတယ်။ ဒီနောက်ပိုင်းဆိုရင်တော့ အာဆင်နယ်အသင်း ချိန်လိုက်သမျှ သူတို့ ပစ်မှတ်ထားလိုက်သမျှတွေကို ချယ်လ်ဆီးကလည်း လိုက်ပစ်မှတ်ထား လိုက်ချိန်ရွှယ်ပြီး အာဆင်နယ် လက်ထဲကနေပါ အရ လုယူသွားတက်ပါတယ်။ အခုလည်း အာဆင်နယ်နဲ့ သတင်းထွက်နေတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို ကို ချယ်လ်ဆီးကပါ လိုက်လာသလို မန်ယူလည်း ဒီလန်ဒန် (၂)သင်းနဲ့အပြိုင် ဆက်စ်ကို ကို အပြိုင်လုချင်လာပါတယ်။
Photo Credit: Transfermarket
တကယ်တော့ အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ ဆလိုဗေးနီးယန်း တိုက်စစ်မှူး ဆက်စ်ကို ဟာ လိုက်ပ်ဇစ်ဆီ မပြောင်းရွှေ့ခင် လိုက်ပ်ဇစ်ရဲ့ တစ်အုပ်စုတည်း ကလပ်အသင်းဖြစ်တဲ့ ဆာလ်ဇ်ဘာ့ဂ်မှာ ကစားနေစဉ်ကတည်းက ဥရောပ ကလပ်အသင်းတွေ စိတ်ဝင်စားခြင်း ရရှိခဲ့တဲ့သူပါ။ အသက်ငယ်တယ် အရပ်အမောင်း အလွန်ကောင်းပြီး အထောင်တိုက်စစ်မှူးကောင်း တစ်ဦးရဲ့ physical မျိုးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါကြောင့်လည်း ဒီကစားသမားလေးကို အာဆင်နယ် ပြီးတော့ ချယ်လ်ဆီးနဲ့ မန်ယူတို့ကပါ အပြိုင်လိုက်လာကြတာပဲ ဖြစ်ပါတယ်။
Photo Credit: SuperSport
ဒီအသင်း(၃)သင်းထဲမှာ အာဆင်နယ်က အထောင်တိုက်စစ် နေရာအတွက် တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ လိုအပ်နေသလို ချယ်လ်ဆီးကလည်း တိုက်စစ်ကစားသမားတွေ အများအပြား ရှိတယ်ဆိုပေမယ့် သူတို့မှာလည်း နံပါတ်(၉)နေရာအတွက် တိုက်စစ်မှူးကောင်းတစ်ဦး လိုနေပါသေးတယ်။ မန်ယူမှာတော့ ဟွိုင်လန်း ရှိနေပေမယ့် မာရှယ်လည်း အသင်းက ထွက်ပြီမို့ အထောင်တိုက်စစ်နေရာမှာ ကစားသမား(၂)ဦး ရှိနေဖို့လည်း လိုနေပြန်ပါတယ်။ ဒါကြောင့်လည်း ဒီအသင်းတွေက တိုက်စစ်မှူးလေး ဆက်စ်ကို ကို အပြိုင်လိုက်နေကြတာပါ။
Photo Credit: We Ain’t Got No History
ဒီကစားသမားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာတစ်ခုက သူရဲ့ စာချုပ်ဖျက်သိမ်းကြေးပါ။ ဆက်စ်ကိုရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် (၅၆)သန်းသာ ရှိလို့နေပြီး ဒီတန်ကြေးဟာလည်း သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်း (၃)သင်းအတွက် အဆင်ပြေနိုင်စရာ ပမာဏလို့ ဆိုရပါမယ်။ ဒါပေမယ့် ဒီ release clause သက်တမ်းက ဇွန်လကုန်အထိပဲဆိုတော့ စာချုပ်လျော်ကြေး သက်တမ်း ရှိနေတုန်း ကြိုးပမ်းထားဖို့ လိုပါမယ်။ ဒီအတွက် အသင်း(၃)သင်းလုံးကလည်း သူတို့အသင်းရဲ့ စီမံကိန်းတွေ ချပြရင်း ဆက်စ်ကို ကို ကမ်းလှမ်းထားကြပါတယ်။ အဲ့ဒီအတွက် ဆက်စ်ကိုအနေနဲ့ ဘယ်အသင်းကို ရွေးချယ်မလဲဆိုတာ ဆုံးဖြတ်ရတော့မှာဖြစ်ပြီး ယူရိုပြိုင်ပွဲ မတိုင်ခင်မှာပဲ အဖြေထွက်သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
Featured Photo: Blaugranagram